ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃) ယှဉ်ပြိုင်ကစား လီဗာပူး၊ ဘိုင်ယန်မြူးနစ်တို့ နိုင်ပွဲရပြီး ဘာစီလိုနာ ရှုံးနိမ့်

 

အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၃) ပွဲစဉ်များတွင်    လီဗာပူး၊   ဘိုင်ယန်မြူးနစ်နှင့် အင်တာမီလန်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိပြီး နာမည် ကြီး   ဘာစီလိုနာ၊    အက်သလက်တီကိုမက်ဒရစ် အသင်းတို့ ရှုံးနိမ့်ခဲ့သည်။ 

 


လီဗာပူးနှင့်   စကော့တလန်ကလပ်   ရိန်းဂျား အသင်းတို့ပွဲစဉ်တွင်   လီဗာပူးအသင်းက   အာနိုး၊ ဆာလာတို့၏   သွင်းဂိုးများနှင့်အတူ   နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ယခုပွဲစဉ်တွင် အိမ်ရှင် လီဗာပူး အသင်းသည်      ရိန်းဂျားအသင်းကို    ဂိုးအသာ၊ ခြေအသာဖြင့်  တစ်ဖက်သတ်ဖိအားပေးကစားနိုင် ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲ  ဖော်ဆောင်နိုင်ခဲ့သည်။ အသင်း အတွက် သွင်းဂိုးများကို အာနိုးက ပွဲချိန် ၇ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး    ဒုတိယဂိုးကို    ပွဲချိန် ၅၃  မိနစ်တွင်   ဆာလာ က   ပယ်နယ်တီမှတစ်ဆင့်   သွင်းယူခဲ့သည်။    လီဗာပူးအသင်းသည်     ယခု နိုင်ပွဲကြောင့်   အုပ်စုပွဲစဉ် (၃)  အပြီးတွင်   ရမှတ် ခြောက်မှတ်ဖြင့် ဒုတိယ နေရာတွင် ရပ်တည်နိုင် ခဲ့သည်။ 

 


နာမည်ကြီး   အင်တာမီလန်နှင့်   ဘာစီလိုနာ အသင်းတို့ပွဲစဉ်တွင်      ဘာစီလိုနာအသင်းသည် အိမ်ရှင်ကို ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေး ကစားနိုင်ခဲ့သော်လည်း တိုက်စစ်ပိုင်း လိုအပ်ချက် ရှိနေသည့်အတွက်  ရှုံးပွဲနှင့်  ကြုံတွေ့ခဲ့ရသည်။ ယခုပွဲတွင် အနိုင်ရရှိသည့် အင်တာမီလန်အသင်းက အုပ်စုပွဲစဉ် (၃) အပြီး ရမှတ် ခြောက်မှတ်ဖြင့် ဒုတိယ နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်းက တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ရမှတ် သုံးမှတ်ဖြင့် တတိယနေရာ တွင် ရပ်တည်နိုင်ခဲ့သည်။ 

 


ဘိုင်ယန်မြူးနစ်နှင့် ချက်ကလပ် ပဲလ်ဇန်အသင်း တို့ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းက ငါးဂိုးပြတ် အနိုင်ရရှိခဲ့သည်။     ဘိုင်ယန်မြူးနစ်အသင်းသည် သုံးပွဲကစား သုံးပွဲနိုင် ရမှတ်ကိုးမှတ်ဖြင့်  အုပ်စု(စီ) ကို ဦးဆောင်ထားသည်။ အခြားသော  ပွဲစဉ်ရလဒ် များတွင်   မာဆေးလ်က   စပို့တင်းကို  လေးဂိုး - တစ်ဂိုး၊ နာပိုလီက အိုင်းယက်စ်ကို ခြောက်ဂိုး - တစ်ဂိုး၊  ပေါ်တိုက   လေဗာကူဆင်ကို နှစ်ဂိုးပြတ်၊ ကလပ်ဘရုဂ်က   အက်ကလက်တီကိုမက်ဒရစ်ကို နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ဖရန့်ဖတ်နှင့် စပါးအသင်း တို့ပွဲစဉ်တွင် ဂိုးမရှိ သရေကျခဲ့သည်။        

   
အောင်‌ဇော်