
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၁၂-၉-၂၀၂၂ ရက်မှစ၍ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကထောက်ခံခြင်းမရှိသော နိုင်ငံတစ်ခုချင်းစီကို ဦးတည်သည့် အစီအစဉ်များ ပါဝင်ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံကိုဆက်လက်ရွေးချယ် ပစ်မှတ်ထားရန် ဥရောပသမဂ္ဂနှင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများက အပြန်အလှန်ဆွေးနွေးပွဲ အများအပြားကို ဖန်တီးခဲ့သည်။ ၁၂-၉-၂၀၂၂ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) နှင့် လည်းကောင်း၊ ၂၁-၉-၂၀၂၂ နှင့် ၂၂-၉-၂၀၂၂ ရက်တို့တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေ အနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူနှင့်လည်းကောင်း၊ ၂၂-၉-၂၀၂၂ ရက်မှာပင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့်လည်းကောင်း၊ ၂၆-၉-၂၀၂၂ ရက်တွင် ခေတ္တလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။
တရားစွဲဆိုရေးအဖွဲ့မဟုတ်သည့် လူ့အခွင့်အရေးကောင်စီသည် IIMM ကဲ့သို့ ယန္တရား ထူထောင်ရန် လုပ်ပိုင်ခွင့်မရှိဘဲ IIMM ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းယန္တရားသည် သက်တမ်းအကန့်အသတ် မရှိဘဲ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ သန်းသုံးစွဲခွင့်ရထားပြီး ၎င်းစုဆောင်းသည်ဆိုသည့် အချက်အလက် အပိုင်းအစ ၃ သန်းကိုမည်သည့်အခါမှ စိစစ်ခွင့်မရခြင်း၊ ကုလသမဂ္ဂ၏ အထူးလုပ်ပိုင်ခွင့်ရှိသူများ အနေဖြင့် ရယူခွင့်မရှိသော်လည်း IIMM က အမေရိကန်အစိုးရက ထပ်မံပေးအပ်သော ရန်ပုံငွေကို လက်ခံခြင်းနှင့် ၎င်း၏ဝန်ထမ်း ရွေးချယ်ခန့်ထားမှုများကို မည်သည့်အခါကမျှ ထုတ်ပြန်မှုမပြုခြင်းတို့အပေါ် စိစစ်ကြပ်မတ်သည့် နည်းလမ်းများ မရှိကြောင်းတွေ့ရှိရသည်။ ပူးတွဲအဆိုတင်သွင်းသူများ လိုချင်သည့် ကောက်ချက်ချမှုများရရှိရန် IIMM ကို ယင်းသို့ မသဲမကွဲစီမံထားခြင်းကြောင့် IIMM ယန္တရားကို စတင်ထူထောင်စဉ်ကပင် မြန်မာနိုင်ငံက အသိအမှတ်ပြုခြင်း မရှိခဲ့ပါ။ လက်ရှိအချိန်အထိလည်း ယင်းရပ်တည်ချက်အတိုင်းပင် အသိအမှတ်မပြုကြောင်း ထပ်လောင်းဖော်ပြအပ်သည်။
အထူးအစီရင်ခံစာတင်သွင်းသူသည် ၎င်းကိုယ်တိုင်ကိုယ်ကျ သိရှိခြင်းမရှိဘဲ ခိုင်လုံမှုမရှိသည့် ဆန့်ကျင်ဘက် အရင်းအမြစ်များကိုသာ အလွယ်တကူရည်ညွှန်းပြီး လုပ်ပိုင်ခွင့်ကို တလွဲသုံးလျက် မြန်မာအစိုးရသည် နိုင်ငံတကာပြစ်မှုများကျူးလွန်ကြောင်းကိုသာ အကြိမ်ကြိမ်စွပ်စွဲမှုများ ပြုလုပ်လျက်ရှိ သည်။ ၎င်းသည် ကုလသမဂ္ဂ၏ အခွင့်အာဏာကို ကျော်လွန်လျက် NUG အကြမ်းဖက်အဖွဲ့ကို အသိ အမှတ်ပြုရေး လူသိရှင်ကြားဆော်ဩနေသည့်အပြင် ကလေးသူငယ် ၈၈ ဦးအပါအဝင် လက်နက်မဲ့ပြည်သူ ၃၈၀၀ ကိုရက်စက်စွာသတ်ဖြတ်ခဲ့သည့် NUG နှင့် PDFs အကြမ်းဖက်များ၏ အကြမ်းဖက်မှုများကို ဖုံးကွယ်ခြင်းဖြင့် နိုင်ငံတကာကို လိမ်လည်လှည့်ဖျားလျက်ရှိသည်။ မျက်လုံးကိုအဝတ်ဖြင့်စည်းခံရသည့် အမျိုးသမီးဆရာမ (၂)ဦးက အသက်ကို ချမ်းသာပေးရန်တောင်းပန်နေသည့်ကြားမှ PDFs အကြမ်းဖက် သမားများက ငဲ့ညှာမှုကင်းစွာဖြင့် သတ်ဖြတ်သည့် ဗီဒီယိုမှာအွန်လိုင်းတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေသည့်တိုင် အထူးအစီရင်ခံစာတင်သွင်းသူက မျက်ကွယ်ပြုခဲ့သည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မင်းရွာမှ ကျောင်းအုပ် ဆရာမတစ်ဦးနှင့် ဆရာမ တစ်ဦးတို့ ၁၈-၈-၂၀၂၂ ရက်တွင် သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်မှာ တစ်ကြိမ်တစ်ခါတည်း ဖြစ်ပွားခဲ့သည့်ကိစ္စမဟုတ်ပါ။ ၂၃-၈-၂၀၂၂ ရက်တွင် မန္တလေးမြို့၌ (၈)နှစ် အရွယ်သမီးငယ်ကို ကျောင်းပို့ပြီး ပြန်လာသောမိဘနှစ်ဦးမှာလည်း PDFs အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။ အထူးအစီရင်ခံစာတင်သွင်းသူသည် မမှန်မကန် ဇာတ်လမ်းအားလုံးကို ထည့်သွင်းစဉ်းစားသော်လည်း ၎င်းလိုလားသော ဇာတ်ကြောင်းနှင့် ဆန့်ကျင် သည့်အချက်အလက်များကို ချန်လှပ်ထားသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၌ NUG အကြမ်းဖက်သမားများက လူပေါင်း ၂၀ ကျော်ကို ကြောက်မက်ဖွယ် သတ်ဖြတ်ခဲ့သည့်ကိစ္စမျိုးကိုမူ ထည့်သွင်းဖော်ပြခြင်း မပြုခဲ့ပါ။ ယင်းတို့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆောင်ရွက်သူများက အထူးဖုံးကွယ်ထားသည့် အခြားသောအမှုပေါင်း ၃၈၀၀ အနက်မှ အနည်းငယ် သော ဖြစ်စဉ်များဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ပြည်တွင်း ရေးကို ဘက်ပေါင်းစုံမှ ဝင်ရောက်စွက်ဖက်ရန်အတွက် အချို့သောအနောက်နိုင်ငံများထံမှ ပံ့ပိုးမှု အမျိုးမျိုးရရှိထားသော အဖွဲ့အစည်းများနှင့် မီဒီယာများ၏ စာရွက်စာတမ်းများနည်းတူ လှုံ့ဆော်သည့် အစီရင်ခံစာဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့အပြင် မဟာမင်းကြီးရုံးသည် မြန်မာနိုင်ငံသားတို့၏ ဖွံ့ဖြိုး တိုးတက်ပိုင်ခွင့်ကို တားဆီးပိတ်ပင်ရန် ရည်ရွယ်၍ နိုင်ငံပိုင်လုပ်ငန်းများအပေါ် စီးပွားရေးအရ ပိတ်ဆို့မှု များ ဆောင်ရွက်ရန်တောင်းဆိုထားပြီး ယင်းမှာ စင်စစ်တွင် ပြည်သူလူထု၏လူနေမှုဘဝအပေါ် သက်ရောက်စေမည်ဖြစ်သည်။ မဟာမင်းကြီးရုံးသည် ယင်းကိုဖုံးကွယ်ရန် မည်မျှပင်ကြိုးပမ်းစေကာမူ စီးပွားရေးအရပိတ်ဆို့မှုများသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝကို ထိခိုက်မှသာ ယင်းပိတ်ဆို့မှုများ ထိရောက်သည်ဆိုသည့်အချက်မှာ အများပြည်သူအသိပင်ဖြစ်သည်။
အလားတူ လူ့အခွင့်အရေးဆိုင်ရာ ခေတ္တမဟာမင်းကြီးသည်လည်း မြန်မာအစိုးရအပေါ် တစ်ဖက် သတ် စွပ်စွဲချက်များဖြင့် ချဲ့ကားပြောကြားခဲ့သော်လည်း အပြန်အလှန်ဆွေးနွေးပွဲများတွင် သက်ဆိုင်ရာ မြန်မာနိုင်ငံ၏ ပါဝင်တက်ရောက်ခွင့်၊ ခုခံချေပခွင့်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ချန်လှပ်ခဲ့သည်။ ခေတ္တမဟာ မင်းကြီးက နိုင်ငံအတွင်း အချို့သောထိတွေ့မှု ဖြစ်စဉ်များကိုပြောကြားခဲ့ရာတွင် တိုင်းရင်းသားဒေသ အချို့ရှိ လက်နက်ကိုင်အဖွဲ့များ၏ အကူအညီဖြင့် NUG နှင့် PDFs အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ပြည်သူများအပေါ် ဆိုးရွားစွာကျူးလွန်မှုများကို ထုတ်ဖော်ပြောကြားရန်ပျက်ကွက်ခဲ့သည်။ ယင်းသို့ လက်နက်ကိုင်အဖွဲ့များ မရှိသည့်နေရာများတွင် တည်ငြိမ်အေးချမ်းလျက်ရှိသည်ကို ငြင်းပယ်၍မရကြောင်း အလေးထားဖော်ပြအပ်သည်။
ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂအဖွဲ့အစည်း ၁၅ ခုနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း ၂၆ ခု ရုံးလည်ပတ်လျက်ရှိရာ လူသားချင်းစာနာမှု အကူအညီများပေးအပ်ခွင့် ငြင်းပယ်ခံရကြောင်း စွပ်စွဲချက်မှာယုတ္တိမရှိကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် အတည်ပြုပြီး သော နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန်အသင့်ရှိသော်လည်း “ရိုဟင်ဂျာ” အသုံးအနှုန်းကို မြန်မာနိုင်ငံက မည်သည့်အခါကမျှ အသိအမှတ်မပြုကြောင်းဖော်ပြအပ်သည်။
လူ့အခွင့်အရေးကောင်စီ၏မူများနှင့်အညီ ရပ်တည်သည့်နိုင်ငံများကို မြန်မာနိုင်ငံက ကျေးဇူးတင် ရှိကြောင်း ဖော်ပြအပ်သည်။ လူ့အခွင့်အရေးကောင်စီ၏ (၅၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းခဲ့သော မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် ချို့ယွင်းချက်များဖြင့် အစီရင်ခံစာများ၊ တင်ပြချက်များနှင့် နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံက ရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက်ပယ်ချသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်