
မန္တလေး အောက်တိုဘာ ၁
ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်ထဲသို့ မြေပဲ ဆန်အသစ်များ လှိုင်လှိုင်ဝင်ရောက်ဝင်လာသဖြင့် ပြည်တွင်းစားသုံးနေသည့် ပဲဆီဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၁၁၀၀၀ ဈေးအထိ လျော့နည်း ကျဆင်းလာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
အဆိုပါ မြေပဲဆန်အသစ်များသည် မန္တလေး ဈေးကွက်အတွင်းသို့ နေပြည်တော်၊ တပ်ကုန်း၊ ပျဉ်းမနား၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ မြောင်၊ မြင်းမူစသည့် ဒေသများမှ လှိုင်လှိုင်ဝင်ရောက်လာ ကြောင်း၊ ယခင်လက ပြည်တွင်းစားသုံးနေသည့် ပဲဆီဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀ ဈေးအထိ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ပဲဆီတစ်ပိဿာလျှင် ကျပ် ၁၁၀၀၀ ဈေးအထိ ကျဆင်းလာကြောင်း၊ ပဲဆီဈေးနှုန်းနှင့်အတူ ကျန်ဆက်စပ်သည့် ဆီဈေးများလည်း ကျဆင်းလာ ကြောင်း သိရသည်။
“ဒီရက်ပိုင်းမှာ မန္တလေးဈေးကွက်ထဲကို မြေပဲ ဆန်အသစ်တွေ လှိုင်လှိုင်ဝင်ရောက်နေတယ်။ စက်တင်ဘာလက မြေပဲဆန်ဈေးနှုန်း အမြင့်ဆုံး ဈေးထိ ရောက်ရှိခဲ့တယ်။ မြေပဲလုံးဆန်က တစ်ပိဿာကို ကျပ် ၇၅၀၀ နဲ့ မြေပဲဆီဆန်က တစ်ပိဿာကို ကျပ် ၆၅၀၀ ကနေ ၇၀၀၀ ဈေးအထိ ဖြစ်ခဲ့တယ်။ အခု သီတင်းကျွတ်လဆန်းပိုင်းမှာ မြေပဲ ဆန်တွေ မန္တလေးဈေးကွက်ထဲကို လှိုင်လှိုင်ဝင်ရောက် နေတဲ့အတွက် မြေပဲလုံးဆန် တစ်ပိဿာကို ၅၈၀၀ ဈေးနဲ့ ဆီဆန်တွေကလည်း တစ်ပိဿာကို ၅၃၀၀ ဈေးအထိ ကျဆင်းလာတယ်။ ရွှေလီဘက်မှာလည်း ကိုဗစ်-၁၉ ရောဂါကြောင့် လော့ဒေါင်းချလိုက်တဲ့ အတွက် ဝယ်ယူသူတွေ ဆိုင်းငံ့သွားပါတယ်။ ဒါကြောင့် ဆီဈေးတွေကျလာတာပါ။ ဒီလို ဆီဈေး တွေကျဆင်းလာခြင်းဟာ စားသုံးသူပြည်သူတွေ အတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ မကြာခင် ကာလတွေမှာလည်း အညာဒေသနဲ့ ရှမ်းပြည်နယ် ဒေသတွေမှာ စိုက်ပျိုးထားတဲ့ ခြောက်လပဲတွေ ထွက်ရှိလာတော့မှာပါ။ ဒါကြောင့် ဆီဈေးက ပြန်ပြီး တက်လာဖို့ အခြေအနေမရှိပါဘူး”ဟု မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။
ယခုကဲ့သို့ ဈေးကွက်အတွင်း ပဲဆီဈေးကျဆင်း နေသည့်အတွက် လက်ရှိဈေးအတိုင်းတည်မြဲစေရန် တောင်သူများနှင့် ကုန်သည်များအားလုံး ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်အတွင်းသို့ မြေပဲများ နယ်ပေါင်းစုံမှ ဝင်ရောက်လျက်ရှိနေကြောင်း၊ အဆိုပါ မြေပဲကို မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် ပြည်တွင်းစားသုံးမှု ဖူလုံစေရန်အတွက် သာမက ပြည်ပသို့ တင်ပို့ရောင်းချရန် အဓိကသီးနှံ အဖြစ် အားထားစိုက်ပျိုးကြကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)