
နေပြည်တော် စက်တင်ဘာ ၂၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်(ရုံးချုပ်)တွင် ကျင်းပသည့် “၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့ (World Maritime Day 2022) အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံဌာနအကြီးအမှူးများ၊ တာဝန်ရှိသူများ၊ ရေကြောင်း ဘက်ဆိုင်ရာ ပြည်တွင်းအဖွဲ့အစည်းများဖြစ်သော ပင်လယ်ရေကြောင်း သင်္ဘောလိုင်းကုမ္ပဏီများ၊ မြန်မာသင်္ဘောသားများအဖွဲ့အစည်း၊ ဆိပ်ကမ်းဝန်ဆောင်မှုကုမ္ပဏီများ၊ ရေကြောင်းဆိုင်ရာသင်တန်းကျောင်း များ၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ်ပိုင်ရှင်အသင်း စသည်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ပင်လယ်ရေကြောင်း နေ့ အထိမ်းအမှတ်အခမ်းအနားများကို အပြည်ပြည်ဆိုင်ရာရေကြောင်း အဖွဲ့ချုပ်(IMO)က ကြီးမှူး၍ ရေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ရေကြောင်းပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များအပေါ် အထူးဂရုပြု ဆောင်ရွက်လာနိုင်စေရေးအတွက် အဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်တစ်ပြိုင်တည်း ကျင်းပကြပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ယနေ့ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရေကြောင်းနှင့် ဆိပ်ကမ်းဆိုင်ရာ အဆောက်အဦများတွင် ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့အထိမ်းအမှတ် ရောင်စုံမီးများကိုလည်း ဂုဏ်ပြုထွန်းညှိ သွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် “ရေကြောင်း ပတ်ဝန်းကျင်စိမ်းလန်းဖို့ နည်းပညာသစ်များအသုံးပြုစို့ (New Technologies for Greener Shipping)”ဟူ၍ ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ဖွံ့ဖြိုး၍ ပိုမိုစိမ်းလန်း သော ရေကြောင်းလုပ်ငန်းကို အသုံးပြုခြင်းသည် ရေကြောင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းသစ်များနှင့် အလုံးစုံတိုးတက်စေရေးအတွက် အလားအလာများစွာကို ဖော်ဆောင်ပေးပါကြောင်း၊ ဤသို့ ဖွံ့ဖြိုး တိုးတက်လာရန်အတွက် နည်းပညာသာမက ဘဏ္ဍာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးလာရေးသည်လည်း မလွဲမသွေ လိုအပ်ပါ ကြောင်း၊ သို့ဖြစ်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအနေဖြင့်လည်း ရန်ပုံငွေနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ များကို ထိရောက်အောင် ကူညီပံ့ပိုးပေးရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံအချင်းချင်း သော် လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့အကြားတွင် လည်းကောင်း နည်းပညာများ လက်ဆင့်ကမ်း၍ ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ရေရှည်စိမ်းလန်း၍ တည်တံ့သောရေကြောင်း အနာဂတ်အတွက် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ IMO အတွင်းရေးမှူးချုပ် Mr. Kitack Lim ထံမှ ပေးပို့သော Video Message ကို ပြသသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗိုလ်တထောင် မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ရုံးချုပ်)သို့ ရောက်ရှိပြီး ဌာနအလိုက်မှ တာဝန်ခံများက လုပ်ငန်းဆိုင်ရာ စွမ်းဆောင်နိုင်မှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိဈေးကွက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရရှိထားသည့်အဆင့်ကို ရေရှည် ထိန်းသိမ်းနိုင်ရေး၊ အသေးစား၊ အလတ်စား စီးပွားရေးကုမ္ပဏီများနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ပြီး Business to Business ဝန်ဆောင်မှုများ ဆက်လက်တိုးချဲ့ဆောင်ရွက်ရေး၊ ပိုမိုအောင်မြင် ဖြစ်ထွန်းရေးအတွက် မဟာဗျူဟာထားရှိ အကောင်အထည်ဖော် သွားရေး၊ Sim Card စနစ်တကျ မှတ်ပုံတင်ရမည့် မူဝါဒသတ်မှတ်ချက် များကို အလေးအနက်ထား၍ တိကျစွာ စိစစ်ဆောင်ရွက်ပေးရေး မှာကြားပြီး ဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့စာတိုက် လုပ်ငန်း ရန်ကုန်စာတိုက်ကြီးသို့ ရောက်ရှိပြီး ချောစာ၊ ချောထုပ် လက်ခံထုပ်ပိုးမှု၊ သယ်ယူဖြန့်ဝေရေးနှင့် ချောစာ၊ ချောထုပ်များ လက်ခံရာတွင် သေချာစွာ စစ်ဆေးရှာဖွေရေး လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးပြီးနောက် ဝန်ထမ်းများကို လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်၏ အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်က ယခုပညာသင်နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှု၊ ကျောင်းဆောင်များ၊ သရုပ်ပြခန်းများ၊ စာကြည့်တိုက်နှင့် အားကစား ဆိုင်ရာ တည်ဆောက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ကျောင်းဆောင်များ စနစ်တကျနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လုံခြုံရေးနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စများအား စာသင်ခန်းများတွင် နည်းပြဆရာများ သင်ကြားမှု ပိုမို အဆင်ပြေချောမွေ့အောင် စီစဉ်ပေးစေရေး၊ သင်ထောက်ကူပစ္စည်း လိုအပ်သလို ဖြည့်ဆည်းပေးရေး၊ စာသင်ခန်းများ အလင်းရောင်ပိုမိုရရှိ ရေး၊ ဘာသာရပ်အလိုက် သက်ဆိုင်သည့် ဌာနများမှ ကျွမ်းကျင်သူများကို ဖိတ်ခေါ်၍ အချိန်ပိုင်းသင်ကြားပို့ချနိုင်ရန် ညှိနှိုင်းရေးလိုအပ်ချက်များကို မှာကြားပြီး ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှု၊ ကျောင်းဝင်းအတွင်း သန့်ရှင်း သပ်ရပ်မှု၊ ရေယာဉ်အမြန်နှုန်း တိုင်းတာတွက်ချက်သည့် Towing Test Tank လက်တွေ့ဆောင်ရွက်မှု၊ စာကြည့်တိုက်ရွှေ့ပြောင်းပြီးစီးမှု၊ တက္ကသိုလ်ဝင်းအတွင်း ပလက်ဖောင်းပြုပြင်မှုနှင့် ဘောလုံးကွင်းနှင့် ဘတ်စကက်ဘောကွင်းများ တည်ဆောက်ပြီးစီးမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်