လာမည့် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့၏ ဆောင်ပုဒ်မှာ “သက်ကြီး အမျိုးသမီးများရဲ့ စွမ်းပကား တို့များအလေးထား” (The Resilience and Contributions of Older Women) ဟူ၍ ဖြစ်သည်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူ့အဖွဲ့အစည်းများတွင် ထိခိုက်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရာ သက်ကြီးရွယ်အိုများ၏ ရှင်သန်နေထိုင်မှုတွင်လည်း ဆိုးရွားသည့် သက်ရောက်မှုများရှိခဲ့သည်။ အထူးသဖြင့် အမျိုးသမီးသက်ကြီး ရွယ်အိုများအပေါ်တွင် ပိုမို၍ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။
ကမ္ဘာ့လူ့အဖွဲ့အစည်းများတွင်    သက်ကြီးရွယ်အိုများသည် ၎င်းတို့၏    ဘဝတစ်သက်တာတစ်လျှောက်     ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများနှင့်   ဉာဏ်ပညာတို့ကိုအသုံးပြုကာ   လူ့အဖွဲ့ အစည်းများအတွက် ပါဝင်ဆောင်ရွက်   အထောက်အကူပြုပေး လျက်ရှိသော်လည်း အသက်အရွယ်ကြီးမြင့်မှုကိုအခြေခံ၍  ခွဲခြား ဆက်ဆံမှုများ၊ ကျားမ လိင်ကွဲပြားမှုကိုအခြေခံ၍ ခွဲခြားဆက်ဆံမှု များကြောင့် သက်ကြီးရွယ်အို ဘိုးဘွားများအပေါ် အသိအမှတ်မပြု လျစ်လျူရှုမှုများရှိနေရာ သက်ကြီးအမျိုးသမီးအဘွားတို့မှာ ခွဲခြား ဆက်ဆံမှုကို ပိုမို၍ ခံစားနေကြရသည်ကို တွေ့ရသည်။
၁၉၅၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ မျှော်မှန်းလူ့သက်တမ်းမှာ ၄၆ နှစ်မှ ၆၈ နှစ်သို့  တိုးတက်လာရာ ၂၀၁၉ ခုနှစ်တွင် အသက် ၆၅ နှစ်နှင့်အထက်  ကမ္ဘာ့လူဦးရေမှာ ၇၀၃ သန်းသို့ ရောက်ရှိခဲ့သည်။ အာရှအရှေ့ပိုင်းနှင့် အရှေ့တောင် အာရှတို့တွင်   သက်ကြီးရွယ်အို ၂၆၁ သန်းဖြင့် အများဆုံးဖြစ်ပြီး ၎င်းနောက်မှ ဥရောပနှင့် မြောက်အမေရိကတွင်  သန်း၂၀၀ ကျော် ဖြင့်  ဒုတိယအများဆုံးဖြစ်သည်။ လာမည့်နှစ်ပေါင်း  ၃၀ ခန့်တွင် ကမ္ဘာတစ်ခွင်  သက်ကြီးရွယ်အိုတို့ဦးရေသည် နှစ်ဆကျော်အထိ ရောက်ရှိလာမည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင်  ၁၀၅ ဘီလီယံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံတွင် သက်ကြီး ရွယ်အိုများဆိုင်ရာ    ဥပဒေအရ   အသက်  ၆၀  နှစ်နှင့်အထက် ရှိသော မြန်မာနိုင်ငံသားအားလုံးကို  သက်ကြီးရွယ်အိုဟု ဖွင့်ဆို ထားရာ  နိုင်ငံ့လူဦးရေ၏ ၈ ဒသမ ၉ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အို များဖြစ်သည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီး အမျိုးသား အဘိုးဦးရေမှာ ၁ ဒသမ ၉ သန်းကျော်ရှိပြီး သက်ကြီး အမျိုးသမီး အဘွားဦးရေမှာ ၂ ဒသမ ၆ သန်းခန့် ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်က  ပြဋ္ဌာန်းခဲ့သည့်   သက်ကြီး ရွယ်အိုများဆိုင်ရာ ဥပဒေအရ သက်ကြီးရွယ်အိုများ၏ အခွင့်အရေး များကို  ပြဋ္ဌာန်းထားပြီး  ယင်းအခွင့်အရေးများကို  လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊  အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာမှုတို့ကို  အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုမရှိစေဘဲ ခံစားခွင့်ရရှိစေရန်  ပြဋ္ဌာန်းထားသည်။ မည်သူမဆို   သက်ကြီးရွယ်အိုများကို   ခွဲခြားဆက်ဆံခြင်း အစား အသောက်  သို့မဟုတ်   ဆေးဝါးလုံလောက်အောင် မပေးခြင်း၊ ရိုက်နှက်ခြင်း၊   နှုတ်ဖြင့်စော်ကားခြင်း၊    တောင်းရမ်းခိုင်းခြင်း၊ ဘေးအန္တရာယ်ဖြစ်စေခြင်းအပါအဝင်  ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်း ဆိုင်ရာ   နှိပ်စက်ညှဉ်းပန်းခြင်းနှင့်   မလျော်မကန်ပြုလုပ်ခြင်းတို့ ပြုလုပ်ပါက ထောင်ဒဏ်  ငွေဒဏ် ပြစ်ဒဏ်များချမှတ်ရန် ပြဋ္ဌာန်း ထားသည်။ 
အမျိုးသမီးသက်ကြီးရွယ်အိုအဘွားတို့သည် ၎င်းတို့၏ ငယ်ရွယ် စဉ်ကာလအတွင်း မိသားစုဝင်တစ်ဦးအနေဖြင့် အိမ်ထောင့်တာဝန် မိသားစုတာဝန်များကို   ထမ်းဆောင်ခဲ့သူများ၊ နိုင်ငံသားတစ်ဦး အနေဖြင့် နိုင်ငံ့တာဝန်၊ လူ့အဖွဲ့အစည်း၏တာဝန်ကို ထမ်းဆောင် ခဲ့သူများ    ဖြစ်ကြသည်။    အသက်အရွယ်ကြီးရင့်လာချိန်တွင် ၎င်းတို့၏ ဘဝအတွေ့အကြုံများနှင့် ဘဝတစ်လျှောက် ဆည်းပူးခဲ့ သည့် ဉာဏ်ပညာများက ပိုမို၍ရင့်သန်နေချိန်ဖြစ်ရာ သက်ကြီး အမျိုးသမီးများ၏  စွမ်းပကားကို အလေးထားကာ လူ့အဖွဲ့အစည်း အတွက် ပါဝင်စွမ်းဆောင်ခွင့်ပေးအပ်နိုင်ပါစေကြောင်း။        ။
 
      


