ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

 

နေပြည်တော်   စက်တင်ဘာ     ၂၈


ရှမ်းပြည်နယ်အတွင်း    ရွေးကောက်ပွဲမဲစာရင်း    မှန်ကန်ရေးအတွက်    မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ရာတွင်  လိုအပ် ချက်များကို  မိမိတို့ဝန်ကြီးဌာနအနေဖြင့်  ထပ်မံပေါင်းစပ်ကာ လုပ်ငန်း များ လစ်ဟင်းမှုမရှိစေရေး ညှိနှိုင်းကူညီဆောင်ရွက်ပေးရန်နှင့် လိုအပ် ချက်များအပေါ်  အကောင်းဆုံးအဖြေရှာ  ဆောင်ရွက်သွားကြရန်ဖြစ် ပါကြောင်း၊   နိုင်ငံတော်၏  ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏  နောက်ဆုံး လုပ်ငန်းစဉ်ကို  အောင်မြင်စွာ  အကောင်အထည်ဖော်နိုင်ရေးအတွက် မှန်ကန်သော မဲစာရင်းများပြုစုပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခြင်း ဖြင့် လွတ်လပ်ပြီး  တရားမျှတစစ်မှန်အောင်မြင်သော  ရွေးကောက်ပွဲ ဖြစ်စေရေး  အားလုံးကတက်ညီလက်ညီ ညှိနှိုင်းပူးပေါင်းဆောင်ရွက် ကြရန်   တိုက်တွန်းပါကြောင်း  ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။

 


ရှမ်းပြည်နယ်အတွင်း   ရွေးကောက်ပွဲမဲစာရင်းများ   မှန်ကန်ရေး အတွက်   မြေပြင်လူဦးရေစာရင်း    တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း   ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ  ပြည်နယ်အစိုးရအဖွဲ့  အစည်းအဝေး ခန်းမ ၌    ကျင်းပရာတွင်     လူဝင်မှုကြီးကြပ်ရေးနှင့်      ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က  ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

 


စီမံချက်များ ရေးဆွဲဆောင်ရွက်


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခင်ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားကတ်ရရှိရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ရာ မိုးပွင့်စီမံချက်ဖြင့် လူဦးရေ ၈ ဒသမ ၃ သန်း ကျော်၊ သစ္စာစီမံချက်ဖြင့်  ၆ ဒသမ ၄ သန်းကျော်ကို     နိုင်ငံသားကတ်ပြား များ ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ လက်ထက်တွင်      ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ     အားလုံးကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက် ဖြင့်   နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို  ၂၀၂၁ ခုနှစ်  မေ ၃ ရက်မှ  ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လတာကာလအတွင်း   လူဦးရေ  ၃ ဒသမ ၄ သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားထုတ်ပေးရန် သတ်မှတ်ဆောင်ရွက်ခဲ့ရာ ယခုအခါ  လူဦးရေ  ၃ ဒသမ ၃ သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားများ   ထုတ်ပေးပြီးဖြစ်ပြီး  လုံခြုံရေးအခြေအနေ အရ    မြို့နယ်အနည်းငယ်သာ   ဆောင်ရွက်ပေးရန်   ကျန်ရှိနေခြင်း ဖြစ်ပါကြောင်း။

 


မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးဆောင်ရွက်


 ယခုထပ်မံ၍ အသက်ပြည့်လာမည့်သူများနှင့် မဲပေးပိုင်ခွင့်ရှိသူများ    ကျန်ရှိနေခြင်းမရှိစေရေး ရည်ရွယ်၍ ကောက်သင်းကောက်စနစ်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့်  ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊   မိမိတို့ဌာနမှ ယခုကဲ့သို့ ဆောင်ရွက်ပေးနေသကဲ့သို့  မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် လည်း  သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။

 


ထို့နောက်  ရှမ်းပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာ ကျော်ထွန်းက    ရှမ်းပြည်နယ်အတွင်း  ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက်   ပံ့ပိုး ကူညီဆောင်ရွက်နေမှုအခြေအနေများနှင့်    စပ်လျဉ်း၍   ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြ သည့်  ဦးသန်းစိုးနှင့် ဦးမြင့်ဦးတို့က ကော်မရှင်အနေဖြင့်   မဲစာရင်းမှန်ကန် ရေးအတွက်     နယ်မြေဒေသအလိုက်    မြေပြင်တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်မှုနှင့်  ဆက်စပ်ဌာနများနှင့်  ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 


ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး


ဆက်လက်၍  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန     ရှမ်းပြည်နယ် ဦးစီးမှူး ဦးအောင်မြင့်က ရှမ်းပြည်နယ်အတွင်း ပန်းခင်း စီမံချက် ဆောင်ရွက်မှုနှင့် မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများ နှင့်  ပေါင်းစပ်ဆောင်ရွက်သွားမည့်အစီအစဉ်များကို  လည်းကောင်း၊   ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဝင်း က  မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူထားရှိမှုနှင့် မဲစာရင်း မှန်ကန်စွာ  ပြုစုနိုင်ရေးအခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့်    တိုင်းဦးစီးဥက္ကဋ္ဌများ၊   တာဝန်ရှိသူများက   ဒေသ အလိုက် မဲစာရင်းမှန်ကန်ရေးအတွက်   ဆောင်ရွက်သွားမည့်အစီအစဉ် များ၊   လုပ်ငန်းလိုအပ်ချက်များကို   ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်  ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


 သတင်းစဉ်