
နေပြည်တော် စက်တင်ဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၈/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန် နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့မှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ အရှေ့ဖျားစီးပွားရေး ဖိုရမ်သို့ တက်ရောက်ရန် ကမ်းလှမ်းဖိတ်ကြားခဲ့မှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွား ရောက်၍ အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်ခဲ့မှု၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှဒေသတွင် ရုရှားနိုင်ငံအတွက် ယုံကြည် အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်မှု၊ နှစ်နိုင်ငံဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့မှု၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရုရှားနိုင်ငံမှ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးနိုင်ခဲ့မှု၊ နှစ်နိုင်ငံကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့မှု၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး နိုင်ခဲ့မှုများနှင့် ရလဒ်ကောင်းများရရှိခဲ့မှု အခြေအနေ များ၊ ရုရှားနိုင်ငံအတွင်း နှစ်နိုင်ငံစီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် နေရာဒေသများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့မှု၊ ရုရှား - မြန်မာ နှစ် နိုင်ငံသံတမန်ဆက်ဆံရေး ၇၅ နှစ် ပြည့်မြောက်တော့ မည်ဖြစ်ပြီး ခေတ်အဆက်ဆက် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ခဲ့မှု အခြေအနေများ၊ ရုရှားနိုင်ငံသို့ ပညာတော်သင်များ စေလွှတ်နိုင်ခဲ့မှု၊ ရုရှား-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များပူးပေါင်း ဆောင်ရွက်မှုတွင် ရုရှားနိုင်ငံအနေဖြင့် သဘောထား မှန်ကန်စွာဖြင့် ယုံကြည်မှုရှိရှိ မိတ်ဆွေကောင်းပီသစွာဆောင်ရွက်ပေးမှု၊ ရထားပို့ဆောင်ရေးစနစ်များကို လေ့လာခဲ့မှုနှင့် ရုရှားနိုင်ငံနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ၊ ကျန်းမာရေးနှင့်ပညာရေး ကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်နေ
ဆက်လက်၍ နိုင်ငံစီးပွားရေးမြှင့်တင်ရေး အတွက် ယခုနှစ်စိုက်ပျိုးရေးရာသီတွင် နွေစပါးနှင့် ပဲတီစိမ်းများကို ယခင်ကထက်အောင်မြင်စွာ စိုက်ပျိုး နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးချေးငွေအဖြစ် အသုံးပြုခဲ့ခြင်းဖြစ် ကြောင်း၊ နွေစပါးနှင့် ပဲတီစိမ်းသည် အချိန်ကာလ တစ်ခုအတွင်း အကျိုးအမြတ် ပြန်လည်ရရှိနိုင်သည့် Quick Win ဖြစ်သည့်အတွက် ဦးစားပေး ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးသည့် တောင်သူများကို ငွေထုတ်ပေးခြင်းထက် စိုက်ပျိုးရန်လိုအပ်သော စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ မျိုး စသည်များကို ပေးအပ်သွားမည်ဖြစ် ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးမည့်မြေနှင့် လုပ်အားကိုသာ စိုက်ထုတ်ရမည်ဖြစ်ပြီး စိုက်ပျိုးမြေ များကို စက်ယန္တရားများ အသုံးပြုမောင်းနှင်နိုင်သည့် ဧကကွက်များအဖြစ် ပြုပြင်ရန်လိုအပ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း။
ပဲတီစိမ်းသည် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအား ကောင်းမွန်သည့် ပဲအမျိုးအစားဖြစ်သဖြင့် တိုးချဲ့ စိုက်ပျိုးနိုင်မည်ဆိုပါက အကျိုးအမြတ်များ ဖြစ်ထွန်း နိုင်မည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးမှုကိုလည်း စနစ် တကျဖြင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင် မည်ဆိုပါက အကျိုးအမြတ်များ ဖြစ်ထွန်းနိုင်မည်ဖြစ် ကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်များမှ လာမည့် နှစ်များတွင် စိုက်ဧကများ တိုးမြှင့်၍ ထောက်ပံ့ ပေးအပ်နိုင်ရန်နှင့် ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ နွေစပါး၊ မိုးစပါးနှင့် ပဲစိုက်ပျိုးမှုများတွင် ထောက်ပံ့ ပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ရရှိလာသည့် အကျိုးအမြတ်များကို တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးခံစားခွင့်များရရှိမည်ဖြစ်ပြီး ယခင်နှစ်များက နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် စိုက်ပျိုးရေးချေးငွေများကို ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးရေးလုပ်ငန်း များအတွက် လာမည့်စိုက်ပျိုးရေးရာသီတွင် ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း။
စီးပွားရေးဖွံ့ဖြိုးမှု အားနည်းသည့် ကယား ပြည်နယ်၊ ချင်းပြည်၊ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွက်လည်း မြစိမ်း ရောင်စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ငွေများ ထုတ်ပေးထားကြောင်း၊ မြစိမ်းရောင်စီမံကိန်းများ သည် လက်တွေ့တွင် ဒေသဖွံ့ဖြိုးရေးအတွက်များစွာ အကျိုးဖြစ်ထွန်းသည်ကိုတွေ့ရှိရကြောင်း၊ အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရန် အရင်း မပျောက်မတည်ငွေများ ထုတ်ပေးခဲ့ကြောင်း၊ ဒေသ အလိုက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
ဒေသအလိုက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “SME ကိုလည်း ကျွန်တော် ပြီးခဲ့တဲ့ တစ်နေ့ကပဲ SME တွေ အကုန်လုံးခေါ်တွေ့ပြီးတော့ ကော်မတီ အစည်းအဝေးလုပ်ပြီးတော့ SME တိုးတက်ရေး အတွက် ဆောင်ရွက်နေတာရှိပါတယ်။ SME တွေဟာ တိုင်းပြည်ရဲ့အဓိက စီးပွားရေးမှာ SME အခန်းကဏ္ဍ ၉၀ ရာခိုင်နှုန်းကျော်ပါနေပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီလို လုပ်တဲ့အခါမှာလည်း ဒီ SME လုပ်ငန်းတွေ သည် ကုန်ကြမ်းကိုအခြေခံတဲ့ SME တွေ ဖြစ်ရမယ်။ အဲ့ဒီကုန်ကြမ်းသည် ဒေသတွင်းမှာ ထွက်တဲ့ကုန်ကြမ်း တွေပဲဖြစ်ရမယ်။ တိုင်းပြည်တွင်းမှာ ထွက်ရမယ်၊ ဒေသတွင်းမှာ ထွက်ရမယ်။ ကုန်ကြမ်းမရှိရင် ဘာမှ လုပ်လို့မရဘူး။ စီးပွားရေးလုပ်ငန်းမှာ ကုန်ကြမ်း မရှိရင် လုပ်လို့မရဘူး။ ဝယ်၊ ရောင်း လုပ်ရင်တောင်မှ အဲ့ဒီကုန်ကြမ်းကို အခြေခံပြီး ထွက်လာတဲ့ ကုန်ချော ကိုဝယ်၊ ရောင်း လုပ်လို့ရတယ်။ ဒီအတွက်ကြောင့် ကုန်ကြမ်းက အရေးကြီးတယ်။ ကုန်ကြမ်းက၊ ကျွန်တော်တာဝန်ယူတဲ့အချိန်မှာ ပြည်နယ်နဲ့တိုင်း အားလုံးကို စက်မှုဇုန်တွေ အကုန်လုံး လုပ်ရမယ် ပြောထားတာရှိပါတယ်။ အဲ့ဒီအထဲမှာ အကြွေးကျန် တာ ချင်းပြည်နယ် တစ်ခုကျန်တယ်။ ချင်းပြည်နယ် မှာ စက်မှုဇုန် မရှိဘူး။ စက်မှုရပ်ကွက်လည်း မရှိဘူး၊ စက်မှုဇုန်လည်း မရှိဘူး။ ဒါကြောင့် ချင်းပြည်နယ်ကို ကျွန်တော်က ကော်ဖီရယ်၊ ဝဥရယ်၊ နောက်တစ်ခါ နွားနောက်ရယ် ဒီ သုံးခုကို အခြေခံပြီးတော့ စက်မှု လုပ်ငန်းလုပ်ဖို့အတွက် မှာခဲ့တာရှိပါတယ်။
ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ အကုန်လုံးရှိတယ်။ ဒါကို လည်း ကျွန်တော်တို့ ခုနကပြောတဲ့ ချင်းပြည်နယ် အတွက်ပေးတဲ့ ရန်ပုံငွေထဲကနေပြီးတော့မှ လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲ့ဒီတော့ SME တွေကလည်း စောစောကပြောတဲ့ လုပ်ငန်းတွေမှာ၊ နိုင်ငံတော် အပိုင်းကနေပြီးတော့ ကိုဗစ်ကြောင့် ဖြစ်လာတဲ့ ကျဆင်းမှုတွေနဲ့ စီးပွားရေးမြှင့်တင်ဖို့ လုပ်တဲ့အခါမှာ တော့ အတိုးအနည်းဆုံးပေါ့၊ အတိုးအနည်းဆုံးနဲ့ ယူမှာဖြစ်တယ်။ SME လုပ်ငန်းကတော့ ပြည်နယ် နဲ့တိုင်းအားလုံးမှာ မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဒေသမှာ ကိုယ်စက်မှု လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်မယ်ဆိုရင်တော့ တခြားဒေသကိုသွားပြီးတော့ အလုပ်သွား လုပ်နေတဲ့ ပမာဏတွေ လျှော့ချလိုက်ရမယ်။ လုံးဝ မရှိအောင်တော့ လုပ်လို့မရပါဘူး။ လျှော့ချနိုင်ရမယ်၊ ကိုယ့်ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာရမယ်။ ကိုယ့်နိုင်ငံရဲ့ ကိုယ့်ဒေသ။ ပြောရလို့ ရှိရင် ကိုယ့်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းပေါ့ လေ၊ စီးပွားရေးလုပ်ငန်းလုပ်ပြီဆိုရင် ဒေသတွေရဲ့ ဘတ်ဂျက်တွေ သူ့ဟာနဲ့သူ တက်လာလိမ့်မယ်၊ ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ဘတ်ဂျက်တွေ တက်လာလိမ့်မယ်။ သူ့ဘတ်ဂျက်နဲ့သူ လည်ပတ်လို့ ရအောင် ကျွန်တော်တို့က ဒါကိုမတည်ပေးလိုက်တာ၊ ရှင်းရှင်းပြောရရင်တော့ မတည်ပေးလိုက်တာပါပဲ။ စောစောက ငွေတွေပေးတယ်ဆိုတာလည်း မတည် ပေးလိုက်တာ။ ၁၀ ဘီလီယံစီ လွှဲအပ်ပေးတယ်။ ၈ ဘီလီယံစီ လွှဲအပ်ပေးတယ်။ ၅ ဘီလီယံစီ ပေး တယ်။ သူတို့ကို ဒါတွေ လိုအပ်တာသုံးဖို့ ဖက်ဒရယ် အခွင့်အရေးတွေ ပေးလိုက်တာ ဖြစ်တယ်။
အဲ့ဒီအထဲကနေပြီးတော့ အခုထပ်ပြီးတော့ SME တွေ အားပေးတာလည်း ဒေသအလိုက် ဒေသအလိုက် မှာ လုပ်ငန်းတွေပေါ်လာပြီး အစိုးရတွေက ဒါတော့ လုပ်ရင် ဖြစ်တယ်ဆိုတာပြတာ။ အစိုးရတစ်ရပ်ဆိုတာ လုပ်ပြဖို့ပဲ။ ဟန်ပြ။ တီဗွီထဲပါနေဖို့ သတင်းထဲပါနေဖို့ မဟုတ်ဘူး။ တကယ်တော့ တိုင်းပြည်၊ ဒေသကို တိုးတက်အောင် လုပ်ပေးရမှာ။ ကျွန်တော်တို့ အစိုးရ သည်လည်း တိုင်းပြည်တိုးတက်အောင် လုပ်ရမယ်။ ဒေသ အစိုးရကလည်း ဒေသကို တိုးတက်အောင် သူက လုပ်ရမယ်။
ဒါက လက်တွေ့ကျတဲ့ နိုင်ငံရေးပဲ။ လက်တွေ့ကျတဲ့ နိုင်ငံရေး။ နိုင်ငံရေး လုပ်စားတာ မဟုတ်ဘူး။ တကယ့် နိုင်ငံ့အရေးကို လုပ်စားတာ။ နိုင်ငံ့အရေး လုပ်နိုင်ဖို့အတွက် မတည်ငွေတွေ ကျွန်တော်တို့ ပေးလိုက်တာ။ လုပ်ပါစေ။ သူ စွမ်းဆောင်ရည် ရှိသမျှ လုပ်ပါစေ။ သူစွမ်းဆောင်ရည် ကောင်းလို့ရှိရင် သူစီးပွားတက်လာလိမ့်မယ်။ စီးပွား တက်ပြီဆိုလို့ရှိရင် သူတို့ဒေသမှာ ဝင်ငွေကောင်းလာ လိမ့်မယ်။ ဝင်ငွေကောင်းလာလို့ရှိရင် ပြည်နယ်နဲ့ တိုင်း အစိုးရတွေမှာ ဘတ်ဂျက်တွေ ချောင်ချောင် လည်လည် ဖြစ်လာလိမ့်မယ်။ ဗဟိုကနေပေးရတဲ့ ပိုက်ဆံက။ တတ်နိုင်သလောက်။ အတိုင်းအတာ တစ်ခုထိတော့ရှိမှာပေါ့။
သို့သော်လည်းပဲ သူတို့ အတွက် သူတို့ဖာသာသူ ပြန်လုပ်ခြင်းအားဖြင့် သူတို့ ရဲ့ ရန်ပုံငွေနဲ့လုပ်ခြင်းအားဖြင့် သူတို့ဆီမှာ တိုးတက်မှု တွေ အများကြီး ပြနိုင်မှာဖြစ်ပါတယ်။ ဒါကို ပြည်နယ် နဲ့တိုင်း ဝန်ကြီးချုပ်တွေ အကုန်လုံးကိုမှာလိုက် တယ်။ ခင်ဗျားတို့ ဒါကိုလုပ်ပြပါ။ စီးပွားရေး လုပ်ပြ ပါ။ ကျွန်တော် မတည်ငွေတွေ ပေးလိုက်တယ်။ ဒီလို ပြောခဲ့ပါတယ်။ SME လုပ်ရတဲ့ ရည်ရွယ်ချက်ပါပဲ။ အရင်တုန်းကတော့ SME ပဲ ခေါ်တာပေါ့။ နောက်ပိုင်း ကျတော့ MSME လို့ ခေါ်တယ် အသေးစား ၊ အငယ် စား၊ အလတ်စားပေါ့။ Micro ရယ် Small ရယ် Medium ရယ် ဖြစ်ပါတယ်။ MSME လို့ ကျွန်တော် တို့ ခေါ်ပါတယ်။ အဲ့ဒါမျိုး ကျွန်တော်တို့ လုပ်နေ ကြောင်းလည်း ကောင်စီဝင်များကိုလည်း ကျွန်တော် အသိပေးလိုပါတယ်”ဟု ပြောကြားသည်။
ခရီးသွားကဏ္ဍသည် စီးပွားရေးလုပ်ငန်းတွင် ဘက်ပေါင်းစုံမှ အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ ရှိ စီးပွားရေးလုပ်ငန်းများတွင် ဘက်ပေါင်းစုံမှ အထောက်အကူပြုသည့် လုပ်ငန်းမှာ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းပင်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီး သွားလာမှုများကြောင့် ဒေသတွင်းရောင်းဝယ်ဖောက် ကားမှုများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လည်ပတ်နိုင်ခြင်းကြောင့် လည်ပတ်သုံးစွဲငွေများ တိုးမြင့်လာမည်ဖြစ်ကြောင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်ခြင်းကြောင့် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိ လာ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသွား များ ဝင်ရောက်မှုရှိစေရေး နိုင်ငံတော်အနေဖြင့် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပ ခရီး သွားလာမှုများ မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေးအရ များစွာတိုးတက်ပြောင်းလဲလာ မည်ဖြစ်ကြောင်း။
နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှု ရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ရာတွင် လည်း နိုင်ငံအတွင်း နိုင်ငံရေးအရ တည်ငြိမ်အေးချမ်း မှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများရှိရန်လို ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုအတွက် နိုင်ငံရေးပါတီများကိုလည်း နိုင်ငံရေးအရ လှုံ့ဆော် မှုများ ပြုလုပ်ခြင်းမှလွဲ၍ ပါတီတွင်းတွေ့ဆုံမှုများ အပါအဝင် အခြားအုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက် ခြင်းကို ခွင့်ပြုပေးထားကြောင်း၊ နိုင်ငံရေးပါတီများ နှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်၍ ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ရေးကဏ္ဍနှင့် နိုင်ငံရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်လျက်ရှိ ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပါတီများဘက်မှ အဆိုပြုချက်များလည်းရှိကြောင်း၊ အလားတူ တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိရေး တွေ့ဆုံဆွေးနွေးနေမှုများရှိကြောင်း၊ ထိုသို့ဆောင် ရွက်နေခြင်းမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု ရရှိရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး နောင်လာ မည့် လွှတ်တော်သက်တမ်းတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီချက်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့် သဘောတူညီချက်များကို ပေါင်းစပ် ၍ လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပိုမိုလျင်မြန်စေမည်ဖြစ်ကြောင်း။
လုံခြုံရေးနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်စေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်မှုမရှိစေရေး တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်၌ PDF များနှင့် ဆက်နွှယ်နေသည့် EAO အဖွဲ့များတွင် ထိခိုက်မှုများ များပြားလျက်ရှိ ကြောင်း၊ အဆိုပါ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားသည့် ဒေသများထိခိုက်ဆုံးရှုံးမှုများ ပိုမိုများပြားကြောင်း၊ ပြည်သူလူထု၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို ထိခိုက်မှုများရှိလာမည်ဆိုပါက လက်တွေ့ကျသည့် တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေ ခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်အခွင့်အရေးများ ပေးအပ်ရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ် အခွင့်အရေးများကိုသာ ပေးအပ်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ကျင့်သုံးသည့် အခြားနိုင်ငံများတွင် လည်း အလားတူပင်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပထမအဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအဆင့် တွေ့ဆုံဆွေးနွေး မှုများကို ပြုလုပ်လျက်ရှိကြောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို မျက်ကွယ်ပြု၍ မရကြောင်း၊ ပြည်ပ ပယောဂများ ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအနေဖြင့် ဝိဝါဒကွဲပြားမှုများရှိကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၏ တောင်းဆို ချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာကိစ္စရပ်များ ပါဝင်ကြောင်း၊ အဆိုပါကိစ္စရပ် နှင့်ပတ်သက်၍ ဆောင်ရွက်၍ရသည်များရှိကြောင်း၊ နှစ်ဖက်ဖြစ်ချင်သည်နှင့် ဖြစ်သင့်သည်များကို ညှိနှိုင်း ၍ သဘောတူညီချက်ရရှိမည်ဆိုပါက ပြင်ဆင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်၍ ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်လိုသည်များကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်၍ ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနိုင်ငံ တစ်ခုအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်တွင် လေးစားစွာဖြင့် ဆောင်ရွက်သည့် သိက္ခာကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော် လမ်းကြောင်းမှသာ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြား လမ်းကြောင်းများမှ ဆောင်ရွက်၍မရကြောင်း၊ တိုင်းရင်သားစည်းလုံး ညီညွတ်မှုကို အားလုံးတညီ တညွတ်တည်းရှိခဲ့သည်ကို ပြသခဲ့သည့်ပင်လုံ စိတ်ဓာတ်ကို အခြေခံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ရန်၊ အချုပ် အခြာအာဏာပိုင် နိုင်ငံဖြစ်သည့်အတွက် ဖက်ဒရယ် အခွင့်အရေးများကို ပြည်နယ်နှင့်တိုင်းများအားလုံး တစ်ပြေးညီရရှိရေး ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကြိုတင်သဘောတူညီချက်များရရှိရေး ဆောင်ရွက်လျက်ရှိပြီး ဖြစ်နိုင်သည်များကို ဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း။
ပညာရည်မြှင့်တင်ရေးအတွက် စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်
ဆောင်ရွက်ပေးလျက်ရှိမှု
ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက် ရှိရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက် တန်းကျောင်းများ ဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့ပြီး လာမည့်ပညာသင်နှစ်တွင် ခရိုင် ၅၀ ၌ စာသင် ကျောင်း ၅၀ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကျောင်းအတွက် လိုအပ်သည့်မြေနေရာနှင့် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ရှိရ မည်ဖြစ်ကြောင်း၊ ပညာရေးရင်းနှီးမြှုပ်နှံမှုအတွက် စာသင်ကျောင်းများ တိုးချဲ့ဆောက်လုပ်ခြင်းသည် ငွေကုန်ကြေးကျများသည့် လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံအတွက် ဘတ်ဂျက်များရရှိရေး စီးပွားရေး မြှင့်တင်ရေးလုပ်ငန်းများဖြစ်သည့် ခရီးသွားကဏ္ဍ တိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံ သည့် ကုန်ထုတ်လုပ်မှုများကို မြှင့်တင်ရေးကို အားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နေပြည်တော် State Academy ကိုလည်း လာမည့် အောက်တိုဘာကာလအတွင်း ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့နှင့် တန်းတူဖြစ်ရမည်ဖြစ် ကြောင်း၊ နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်းသားသမီး များကို ဦးစားပေးအနေဖြင့် သင်ကြားပေးမည်ဖြစ်ပြီး နေပြည်တော် ၈ မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ များကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တတိယနှစ်မှစတင်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ပြီး နောင် ၄ နှစ်ကြာမြင့်ချိန်တွင် တက္ကသိုလ် အနေဖြင့် အပြည့်အဝ သင်ကြားပေးနိုင်သည့် တက္ကသိုလ်တစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကောင်စီအဖွဲ့ဝင်များက နိုင်ငံတော် အတွက် အကျိုးအမြတ်များစွာ ရရှိအောင် ဖော်ဆောင် ပေးနိုင်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်အား မှတ်တမ်းတင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်မှုရရှိစေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်တွန်းအားပေးဆောင်ရွက်ရေး၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက်ခန့်အပ်ထားသည့် သင်ကြား ရေး အထောက်အကူပြုနှင့် ဘာသာစကားသင်ဆရာ ဆရာမများအတွက် ဆရာအတတ်သင်ကျောင်း သို့မဟုတ် တက္ကသိုလ်ဖွင့်လှစ်ပေးနိုင်ရေး၊ ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ပန်းလှိုင်မြစ်ကူး တံတား တည်ဆောက်ပေးရေး၊ စပါးအထွက်နှုန်း တိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွက်စိမ်းမြေဩဇာ တိုးချဲ့အသုံးပြု ရန် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ပေးရေး၊ နေပြည်တော်တွင် မြန်မာ့ယဉ်ကျေးမှု အမျိုးသားကဇာတ်များ စီစဉ်တင်ဆက်နိုင်ရေး အတွက် အမျိုးသားကဇာတ်ရုံတစ်ရုံ တည်ဆောက် ပေးရေး၊ ကုန်ဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသူများအား အရေးယူဆောင်ရွက်ပေး ရေး၊ နိုင်ငံ့ဝန်ထမ်းများ၏ ချေးငွေပြန်ဆပ်ကာလအား ထပ်မံတိုးမြှင့်ပေးရေး၊ ဒေသမျိုးရင်း ငါးမျိုးများ တိုးပွားစေရေးနှင့် ငါးသယံဇာတတိုးပွားစေရေး အတွက် လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်တားဆီးပေးနိုင်ရေး၊ ယဉ်ကျေးမှုအမွေအနှစ် များ ဖော်ထုတ်နိုင်ရန် ရှေးဟောင်းသုတေသနပညာရှင် များအား ပြည်ပနိုင်ငံများသို့ ပညာသင်စေလွှတ်ရေးနှင့် ဓာတ်ခွဲခန်း ပညာမြင့်မားလာစေရန် ဆောင်ရွက်ပေး ရေး၊ သီလဝါအထူးစီးပွားရေးဇုန်တွင် အဖျက် အမှောင့်လုပ်ငန်းများ ဝင်ရောက်မလာစေရေး အတွက် လုံခြုံရေးအစီအမံများ တိုးမြှင့်ဆောင်ရွက် ပေးရေး၊ ကျောင်းပိတ်ရက်များတွင် ကျောင်းသား လူငယ်များအတွက် မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများ ကျင်းပပေးနိုင်ရေး၊ ဝန်ကြီးဌာနများတွင် ဝန်ထမ်းမိသားစုများ သံယောဇဉ်နှင့် မိသားစု စိတ်ဓာတ်တိုးပွားစေရန် ဝန်ထမ်းများနှင့် တာဝန်ရှိ သူများ လက်ရည်တစ်ပြင်တည်း အတူတကွ စားသောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ကုန်ဈေးနှုန်းကျဆင်း စေရေးအတွက် ယခုနှစ် မိုးစပါးအမှန်တကယ်ထွက် ရှိမှုနှင့် အရန်ဆန် လျာထားမှုစာရင်းဇယားများအား အလေးထား ဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ အထက်အောက်အနိုင်ကျင့်မှု မဖြစ် စေရန် မိဘ၊ ဆရာ ပူးပေါင်းထိန်းသိမ်းဆောင်ရွက် ရေး၊ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား CDM ဝန်ထမ်း များနှင့် ၎င်းတို့နှင့် ဆက်နွှယ်နေသူများက နှောင့်ယှက်နေမှုများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေး၊ စီမံကိန်း သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ရာတွင် ဝန်ထမ်း အချို့၏ မသမာမှုလုပ်ရပ်ဆောင်ရွက်နေမှုများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကောင်စီဝင်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ငန်းအောင်မြင်မှုရရှိ စေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်တွန်းအားပေးဆောင်ရွက်နိုင်ရန် စနစ်တကျဖွဲ့စည်း၍ စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် သင်ကြားရေးအထောက်အကူ ပြုနှင့် ဘာသာစကားသင်ဆရာ ဆရာမများ ခန့်အပ် တာဝန်ပေးခြင်းမှာ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု နှင့် ဘာသာကိုထိန်းသိမ်းဆောင်ရွက်ကြရန်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပညာရေးကောလိပ်များတွင် သင်တန်းပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့အား ဒီပလိုမာ ဘွဲ့ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ပန်းလှိုင်မြစ်ကူး တံတားစီမံကိန်းနှင့်ပတ်သက်၍ အကြိုဆန်းစစ် လေ့လာမှုများ ဆောင်ရွက်သွားစေမည်ဖြစ်ကြောင်း၊ ရွက်စိမ်းမြေဩဇာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအား ညွှန်ကြားထားကြောင်း၊ အထွက်နှုန်းကောင်းမွန်စေ ရေးအတွက် အခြားသော ဓာတ်မြေဩဇာကိုလည်း ပေါင်းစပ်အသုံးပြုသွားရမည်ဖြစ်ကြောင်း၊ ဓာတ် မြေဩဇာရရှိရေးအတွက် အချို့သောနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (ဗဟို ဌာန-၂) တွင် အမျိုးသားဇာတ်ရုံအဖြစ် အသုံးပြု နိုင်ရေးနှင့် ရိုးရာယဉ်ကျေးမှုပြဇာတ်များ ပြန်လည် ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ ချေးငွေဆိုင်းငံ့ရေးကိစ္စ အချိန်တိုးမြှင့်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်ရေးနှင့် ငွေကြေးတည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ငါးသယံဇာတ မပြုန်းတီးစေရေး အတွက် ထိန်းသိမ်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ရှေးဟောင်းသုတေသနပညာရှင်များ ပြည်ပနိုင်ငံများသို့ ပညာတော်သင်စေလွှတ်လျက်ရှိ ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် အထူးစီးပွားရေးဇုန်များ လုံခြုံစိတ်ချစွာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား လူငယ် များအတွက် ရိုးရာအားကစားပြိုင်ပွဲများ ကျင်းပပေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ မိတ်ဆုံ စားပွဲများ ဆောင်ရွက်နိုင်ရေး ညွှန်ကြားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်နေ သည့် နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်သူများနှင့် ဆက်နွှယ်သူများက နှောင့်ယှက်မှုများ မပြုနိုင်စေရန် ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် တိုင်းပြည်ကို စိတ်ချရသည့် အနာဂတ်နိုင်ငံတော် ဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ နိုင်ငံရေးပါတီများကို လေ့လာကြည့်ရာတွင် နိုင်ငံရေးကို အခြေခံသည့်ပါတီ၊ ဒေသကို အခြေခံ သည့်ပါတီနှင့် တိုင်းရင်းသားလူမျိုးကို အခြေခံသည့် ပါတီဟူ၍တွေ့ရှိရပါကြောင်း၊ နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုကို ကန့်သတ်ချက်များ မထားပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့် NCA ကို အခြေခံ၍ ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက် သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို ပြင်ဆင်နိုင် ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယင်းဥပဒေများကို စနစ်တကျ လေ့လာထားရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကို လမ်းမှန်ပေါ်ရောက်ပြီး အနာဂတ်နိုင်ငံတော်ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေးအတွက် ကောင်စီဝင်များက လေးလေးနက်နက် စဉ်းစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်