ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ရက်လျှင် ဘုရားဖူး ၇၀၀ မှ ၁၀၀၀ ခန့်ဝင်ရောက်လျက်ရှိ

 

ညောင်ဦး  စက်တင်ဘာ ၂၄


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့   ယခု တစ်ပတ်အတွင်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ    များပြားလာနေ ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရသည်။

 


ဘုရားဖူးလာသူများသည်  ဟဲဟိုး၊ တကောင်း၊  တောင်ကြီး၊  ဟိုပုံး၊ နတ် မောက်၊ မကွေး၊ ပဲခူး၊ ပခုက္ကူ၊ ကျောက်ပန်း တောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့များမှဖြစ်ပြီး ပုဂံ- ညောင်ဦးသို့ လာရောက်ဘုရားဖူးရင်း  ကျောက်ပန်း တောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ်သို့ လည်း တစ်ဆက်တစ်စပ်တည်း  ဝင်ရောက် ကြကြောင်း၊ ပုဂံဒေသမှ သမိုင်းဝင် အထင် ကရ ဘုရားများဖြစ်သည့်  တုရင်တောင် စွယ်တော်မြတ်စေတီ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ရွှေဆံတော်၊ ထီးလိုမင်းလို၊ ရွှေစည်းခုံ၊ မနူဟာ၊ အာနန္ဒာ၊ ဗူးဘုရား၊ အလိုတော် ပြည့်၊ ကျောက်ဂူဥမင်၊ ပြာဿဒ်ကြီးဘုရား၊ သဗ္ဗညုဘုရားနှင့်  ကန်တော့ပလ္လင်ဘုရား များသို့ လာရောက်ဖူးမြော်သူ ၇၀၀ မှ ၁၀၀၀ အထိ    လာရောက်ကြကြောင်း၊ စနေ၊   တနင်္ဂနွေရက်များတွင်   ၁၀၀၀  ကျော်    လာရောက်ဖူးမြော်ကြကြောင်း ညောင်ဦးမြို့နယ်    စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

 


မြန်မာပြည်အရပ်ရပ်မှ     ဘုရားဖူး ပြည်သူများသည်   သမိုင်းအထင်ကရ ဘုရားများအပြင် ရှေးဟောင်းယဉ်ကျေးမှု ဇုန်ရှိ သာသနိကအဆောက်အအုံ၊ စေတီ ပုထိုး၊ ဘုရားများရှိ နံရံဆေးရေး ပန်းချီ များကိုလည်း     စိတ်ဝင်စားမှုမြင့်တက် လာကြောင်း၊ ယခုရက်ပိုင်းကဲ့သို့ ဘုရားဖူး များ ပုံမှန်လာရောက်ပါက   ဈေးဆိုင်များ၊ မြင်းလှည်း       အငှားလိုက်သမားများ၊ လျှပ်စစ်စက်ဘီး     ငှားစားသူများ၊ တုတ်တုတ်ခေါ် သုံးဘီးအငှားသမားများ၊ ဗူးဘုရားမြစ်ဆိပ်မှ စက်လှေအငှားလိုက် သူများ    ပြန်လည်အဆင်ပြေလာနိုင် ကြောင်း    စက်လှေအငှားလိုက်သည့် ဒေသခံ ဦးမောင်စိုးက ပြောသည်။

 


ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးမြော်ခွင့်ကို မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ စတင်ကူးစက်ချိန်မှစ၍ ပိတ်ထားခဲ့ပြီး နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ပြီး ဂေါပကအဖွဲ့ထားရှိသည့် ဘုရား ၁၉ ဆူ အပါအဝင် ပုဂံရှေးဟောင်းယဉ်ကျေး မှုဇုန်ရှိ ဘုရား၊  စေတီ၊ ပုထိုး၊သာသနိက အဆောက်အအုံများ၌ ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ  ပြန်လည် ဖူးမြော်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။


ဝင်းထိန် (ပြန်/ဆက်)