
နေပြည်တော် စက်တင်ဘာ ၂၄
မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် အနုပညာရှင်များ ပူးပေါင်းပါဝင်၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ တင်ဆက်ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီးကို ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ တင်ဆက်ကပြ ဖျော်ဖြေရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။
အဆိုပါ ဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေ ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဇနီး များ၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာန အသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
မြန်မာ့ရိုးရာအစဉ်အလာ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ
ဇာတ်တော်ကြီးကို မြန်မာ့ရိုးရာအစဉ်အလာ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေရာတွင် ဘုရား ကန်တော့ခန်း၊ ဇာတ်တော်ကြီးသမားစဉ် အပျိုတော် ထွက်ခန်းနှင့် နှစ်ပါးသွားခန်းတို့ဖြင့် စတင်အစပျိုး ကပြဖျော်ဖြေသည်။ ထို့နောက် ဘုရင့်နောင် မင်းတရားကြီး ထွက်တော်မူကြီးနှင့် ဓာတုကလျာ ဖွားမြင်ခန်း၊ ဝန်မင်းနှစ်ပါး ဇာတ်ပန္နက်ရိုက် ပြည်တည်ခန်း၊ မင်းရဲနန္ဒမိတ် ညီလာခံခန်း၊ နတ်သျှင် နောင် နောက်ကြောင်းပြန်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာတွေ့ဆုံခန်း၊ နတ်သျှင်နောင် ကိုယ်လုံပညာလေ့ကျင့်ခန်း၊ နတ်သျှင်နောင်မှ ရာဇ ဓာတုကလျာအား ချစ်ခွင့်ပန်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ လက်ထပ်မည့်အကြောင်းအား ပြည်သူ ပြည်သားများ ပြောဆိုခန်း၊ နတ်သျှင်နောင် နှင့် ရာဇဓာတုကလျာလက်ထပ်ခန်း၊ နတ်သျှင်နောင် နှင့် ရာဇဓာတုကလျာ သစ္စာတိုင်ခန်းနှင့် ခွဲခွာခန်း၊ နတ်သျှင်နောင်မှ အယုဒ္ဓယတပ်များကို တိုက်ခိုက်ရန် ပြင်ဆင်ခန်း၊ နတ်သျှင်နောင် နောက်ကြောင်းပြန် ဇာတ်လမ်းနိဂုံးချုပ်ခန်း၊ ငဇင်ကာ အမြောက် လက်နက်ပြုလုပ်ခန်း၊ ငဇင်ကာနှင့် အပေါင်းပါများ အစည်းအဝေးပြုလုပ်ခန်း၊ နတ်သျှင်နောင်နှင့် ငဇင်ကာ တွေ့ဆုံခန်း၊ မင်းရဲနန္ဒမိတ်မှ တပ်မှူး ဗိုလ်မှူးများနှင့် တိုင်ပင်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်သို့ စစ်ချီခန်း၊ ပေါ်တူဂီတပ်များနှင့် အပေါင်းပါတောင်ငူတပ်များအား အင်းဝတပ်များက တိုက်ခိုက်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်မြို့အား သိမ်းပိုက်နိုင်ရေး ဥမင်လိုဏ်ခေါင်း ပြုလုပ်ရန် အမိန့် ပေးခန်း၊ အင်းဝတပ်များ သန်လျင်မြို့အား သိမ်းပိုက် နိုင်ရန် ဥမင်လိုဏ်ခေါင်းပြုလုပ်ခန်းနှင့် သန်လျင်မြို့ရိုး ကျိုးပေါက်ခန်း၊ မင်းရဲနန္ဒမိတ်မှ ငဇင်ကာနှင့် နတ်သျှင်နောင်အား ဖမ်းဆီးခန်း၊ ငဇင်ကာအား စစ်မေးခန်း၊ နတ်သျှင်နောင်အား တရားနှင့်အညီ စီရင်ခန်း၊ နတ်သျှင်နောင်နှင့် ငဇင်ကာအား ကွပ်မျက် ခန်းနှင့် ဇာတ်သိမ်းခန်းတို့ကို အနုပညာရှင်များက မြိုင်မြိုင်ဆိုင်ဆိုင် ထိထိမိမိဖြင့် ကျရာဇာတ်ရုပ် အလိုက် ဇာတ်ကွက်ပိုင်နိုင်စွာ တင်ဆက်ကပြ ဖျော်ဖြေကြသည်။
သမိုင်းတစ်ကွေ့၏ သတိမူစရာ သင်ခန်းစာ ဖြစ်ရပ်တစ်ခုအနေဖြင့် တင်ဆက်ကပြရခြင်းဖြစ်
“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီးကို မြန်မာ့သမိုင်းတွင် ရတု ရေးသားရာ၌ တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာမင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော်ဖြစ်သော် လည်း လောကဒဏ်အနိမ့်အမြင့် အတက်အကျတွင် လိုက်ပါခဲ့ရသည့် ရာဇဓာတုကလျာ၏ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်နှင့်အတူ ပဒေသရာဇ်များ၏ အားပြိုင်မှုမှ ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်း များကို နောက်ခံလျက် စစ်ရေးစစ်ရာတွင် ရဲစွမ်း သတ္တိရှိသည်သာမက အနုသုခုမပညာတွင်လည်း လက်ရာ ပြောင်မြောက်ခဲ့သည့် နတ်သျှင်နောင်သည် မိမိတို့၏ နိုင်ငံအတွင်း ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသော သမိုင်း နိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာ သင်ခန်းစာ ဖြစ်ရပ်တစ်ခုအနေဖြင့် တင်ဆက်ကပြခြင်း ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ အမွေအနှစ်များကို ထိန်းသိမ်းလျက်ရှိ
ဇာတ်တော်ကြီးတွင် နတ်သျှင်နောင်အဖြစ် တက္ကသိုလ် အားမာန်၊ ရာဇဓာတုကလျာအဖြစ် ဒေါ်ဇာနည်အောင်၊ အင်းဝဘုရင် မင်းရဲနန္ဒမိတ်အဖြစ် ရွှေတံဆိပ်ဆုများရှင် ဦးဉာဏ်ဝင်း၊ ဘုရင့်နောင် မင်းတရားကြီးအဖြစ် ဦးလှမျိုးထက်၊ လူရွှင်တော်များ ဖြစ်ကြသည့် ဝမ်းတူး၊ အာပြဲ၊ ရောင်နီ၊ လမုန့်တို့ ပါဝင်ကြပြီး ဇာတ်ပို့ဆိုင်းရွာစား နိုင်လင်းဗိုလ်နှင့် အဖွဲ့တို့က ပံ့ပိုးတီးခတ်ထားသည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမ အမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက် ပြန့်ပွားစေရန် ဆောင်ရွက်ခြင်း စသည့်လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ များ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို အခြေခံသည့် ဖျော်ဖြေရေး အစီအစဉ်များအား ဖော်ထုတ်ပြသရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။
ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
ဇာတ်တော်ကြီး ကပြဖျော်ဖြေတင်ဆက်မှုအပြီး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဇာတ်တော် ကြီးတွင် ပါဝင်တင်ဆက်ကပြဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြု ဆုငွေများကိုလည်းကောင်း၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးများက ဂုဏ်ပြုဆုငွေများကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်