မလေးရှားလယ်ယာထွက်ကုန်များ ပြည်တွင်းဖူလုံမှု ရာနှုန်းပြည့်ကျော်လွန်ဟုဆို

 

ကွာလာလမ်ပူ  စက်တင်ဘာ ၂၃


၂၀၂၁ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၏ လယ်ယာ ထွက်ကုန်ပစ္စည်းအမယ်  ၂၆   မျိုးအတွက် ပြည်တွင်းဖူလုံမှုအချိုး (Self-Sufficiency Ratio-SSR) မှာ  ၁၀၀  ရာခိုင်နှုန်းကျော်သို့ စံချိန်တင်ရောက်ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ စာရင်းအင်းဌာန (Department of Statistics Malaysia-DOSM) က  ဖော်ပြထားသည်။ DOSM က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် စာရင်းဇယားများအရ မလေးရှားနိုင်ငံ၌ သစ်သီးဝလံ ၁၄ မျိုးအနက် ၁၀ မျိုးသည်  ပြည်တွင်းဖူလုံမှုအချိုး  ၁၀၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး သင်္ဘောသီး ၁၄၆ ဒသမ ၉ ရာခိုင်နှုန်း၊ ဖရဲသီး ၁၃၉ ဒသမ  ၅ ရာခိုင်နှုန်း၊ ပိန္နဲသီး ၁၁၀ ဒသမ  ၈ ရာခိုင်နှုန်း ရှိခဲ့သည်။

 


သို့ရာတွင်     မလေးရှားနိုင်ငံ၌ သရက်သီး စိုက်ပျိုးထုတ်လုပ်နိုင်မှုသည် ၂၀၂၀ ပြည့်နှစ်က ၂၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၁၆ ဒသမ ၂ ရာခိုင်နှုန်းသို့   ကျဆင်းခဲ့ပြီး ပြည်တွင်းဖူလုံမှုအချိုး အနိမ့်ဆုံး ဖြစ်ခဲ့သည်။ 

 


မလေးရှားနိုင်ငံ၏    ဟင်းသီးဟင်းရွက် အမယ် ၁၀ မျိုးအနက် ခုနစ်မျိုးသည် ပြည်တွင်း ဖူလုံမှုအချိုး ၁၀၀ ရာခိုင်နှုန်းကျော်သို့ ရောက်ရှိ ခဲ့ပြီး ခရမ်းချဉ်သီးမှာ ၁၁၈ ဒသမ ၉ ရာခိုင်နှုန်း ဖြင့် ပြည်တွင်းဖူလုံမှုအချိုး အမြင့်ဆုံးဖြစ်ကာ ငရုတ်သီးမှာ  ၂၉ ဒသမ  ၃   ရာခိုင်နှုန်းဖြင့် ပြည်တွင်းဖူလုံမှုအချိုး အနိမ့်ဆုံးဖြစ်ခဲ့သည်။ 

 


အခြား လယ်ယာထွက်ကုန်သီးနှံများတွင် မလေးရှားနိုင်ငံ၏ ကြံသီးနှံပြည်တွင်းဖူလုံမှုအချိုးမှာ ၁၄၉ ဒသမ  ၄ ရာခိုင်နှုန်း၊ ပီလောပီနံ ဖူလုံမှုအချိုး ၁၀၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သည်။ မွေးမြူရေးထွက်ကုန်များအနေဖြင့်  ဘဲသား ၁၃၀ ဒသမ  ၆ ရာခိုင်နှုန်းနှင့်    ကြက်သား၊ ကြက်ဥ   ၁၁၄   ဒသမ  ၄   ရာခိုင်နှုန်းတို့ဖြင့် ပြည်တွင်းဖူလုံမှုအချိုး ရှိခဲ့သည်။  

 


DOSM က ထုတ်ပြန်သည့် စာရင်းဇယား များအရ မလေးရှားနိုင်ငံ၌   ငါးအမျိုးအစား ၁၃ မျိုးတွင် ရေချိုငါးခူ၊ ကဏန်း၊ ငါးကွမ်းရှပ် (mackerel)၊ ပုစွန်၊ ငါးနုသန်း (silver catfish) စသည့်  ငါးအမျိုးအစား    ငါးမျိုးအတွက် ပြည်တွင်းဖူလုံမှုအချိုး ၁၀၀ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊