တစ်ပတ်အတွင်း ကုန်စည်ဈေးကွက်

 

ယခုသီတင်းပတ်အတွင်း    ရန်ကုန်ဘုရင့်နောင် ကုန်စည်ဈေးကွက်၌ ကြက်သွန်နီ၊ သကြားဈေးနှုန်း များ အနည်းငယ်မြင့်တက်လာခဲ့သည်။ စားအုန်းဆီ၊ ငရုတ်ဈေးနှုန်းများ မြင့်တက်ရာမှ  ပြန်လည်ဈေး ကျဆင်းလာပြီး  တရုတ်အာလူး၊   ကြက်သွန်ဖြူ (ကြူကုတ်)နှင့် မတ်ပဲဈေးများလည်း အကျဘက်သို့ ဦးတည်လာကာ ကျန်အခြေခံစားကုန်များ ဈေးနှုန်း တန့်နေသည်ကို တွေ့ရသည်။

 


ဆန်


ပြည်တွင်းငွေလဲလှယ်နှုန်းထားများ အနည်း ငယ်ကျဆင်းလာချိန် ဆန်ဈေးနှုန်းများလည်း ယခု ထက် ပိုမိုကျဆင်းလာနိုင်ကြောင်း ကုန်သည်များက မျှော်လင့်နေကြသည်။ ယခုကာလသည် မိုးစပါး အကြမ်း အသစ်များ ရိတ်သိမ်းချိန်လည်းဖြစ်ရာ ရန်ကုန်-ပြည်တစ်လျှောက် မြို့အချို့မှ မိုးကာလ ဇီယာဆန်ကြမ်းအသစ်    (ဘုရင့်နောင်အခေါ်) လမ်းဆန်များက ရန်ကုန်ဈေးကွက်သို့ တစ်အိတ်လျှင် ငွေကျပ်  ၄၂၀၀၀ ဝန်းကျင်ဖြင့်   စတင်ဝင်ရောက် လာခဲ့သည်။ ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းတစ်အိတ် ကျပ် ၆၁၀၀၀၊ ပေါ်ဆန်းရှယ် ကျပ် ၆၄၅၀၀၊ ကြားပျံ ရှယ်ကျပ် ၆၈၀၀၀၊ ခွံနီရှယ် ကျပ် ၅၅၀၀၀၊ ရက် ၉၀ ဆန် ကျပ် ၄၈၅၀၀ နှင့် သီးထပ်ရှယ်မှာ ကျပ် ၄၄၅၀၀ ဈေးရှိကာ ဆန်အဝင်ပုံမှန်ရှိ၍   အရောင်းအဝယ်အေး လျက်ရှိကြောင်း  ဆန်စပါးအသင်းချုပ်မှ   သိရသည်။

 


ပဲအမျိုးမျိုး


ဈေးနှုန်းအတက်အကျဖြစ်နေသော မတ်ပဲ(RC)မှာ စက်တင်ဘာ ၂၁ ရက်တွင် တစ်တန် ငွေကျပ် သိန်း ၂၀ အောက်သို့ ပြန်လည်ကျဆင်းလာပြန်သည်။ ယင်းနေ့တွင် မတ်ပဲ (FAQ/RC) တစ်တန်ကျပ် ၁၉၉၄၀၀၀၊ (SQ/RC) တစ်တန် ကျပ် ၂၃၂၄၀၀၀၊ ပဲစင်းငုံနီ (Red/RC)တစ်တန် ကျပ် ၂၁၅၀၀၀၀ နှုန်း ရှိသည်။  

 


ကြက်သွန်နီ


ပြည်တွင်းကြက်သွန်နီအလုံးကြီး တစ်ပိဿာ ကျပ်၂၈၀၀၊ တရုတ်ကြက်သွန်နီအလုံးကြီး ကျပ် ၁၈၀၀ အထိ ဈေးကျခဲ့ရာမှ စက်တင်ဘာ ၁၇ ရက်တွင် ဈေးပြန်လည်မြင့်တက်လာသည်။ စက်တင်ဘာ ၂၀ ရက်တွင် ကြက်သွန်နီ ပိဿာချိန် ၇၂၀၀၀၊ ၂၁ ရက် တွင် ကြက်သွန်နီ ပိဿာချိန် ၁၂၀၀၀၀ ဝင်ရောက်လာ ခဲ့သည်။ စက်တင်ဘာ ၂၁ ရက်က  ဆိပ်ဖြူကုန်စည်ဒိုင် တွင်   တစ်ပိဿာ အမြင့်ဆုံးဈေးကျပ် ၂၉၀၀၊ ပခုက္ကူ ကုန်စည်ဒိုင်တွင်  ကျပ် ၃၁၀၀   နှုန်းရှိပြီး   တရုတ် ကြက်သွန်နီ (ပြန်လည်သန့်စင်ပြီး) တစ်ပိဿာ  ကျပ် ၂၅၀၀ ဖြစ်လာခဲ့သည်။

 


ကြက်သွန်ဖြူ/အာလူး/ငရုတ်


ရှမ်း(အောင်ပန်း)  ကြက်သွန်ဖြူ လက်ကား တစ်ပိဿာ ကျပ် ၂၈၀၀-၃၂၀၀-၃၅၀၀-၄၀၀၀၊ ကြူကုတ်တစ်ပိဿာ  ကျပ်  ၃၉၀၀  နှုန်းရှိရာမှ  ဈေးနှုန်းများကျဆင်းလာသည်။  တရုတ်အာလူးသည် လက်ကား တစ်ပိဿာကျပ် ၂၅၀၀ အထိ ဈေးမြင့် ခဲ့ရာမှ စက်တင်ဘာ ၁၉ ရက်တွင် ကျပ်   ၂၁၅၀၊ စက်တင်ဘာ ၂၁ ရက်တွင် ကျပ်  ၂၀၅၀  နှုန်းသာ ရှိသည်။ ရှမ်းအောင်ပန်းအာလူးမှာ ကျပ် ၁၄၅၀ - ၁၅၅၀- ၁၆၅၀ နှုန်း ရှိသည်။ ငရုတ်ဈေးနှုန်းလည်း ကျဆင်းလာခဲ့ပြီး  ယခင်က   ပျမ်းမျှလက်ကား တစ်ပိဿာကျပ်   ၁၉၀၀၀   ဝန်းကျင်ရှိခဲ့ရာမှ စက်တင်ဘာ ၂၁ ရက်တွင် ကျပ် ၁၇၀၀၀ ဝန်းကျင် သို့ ဈေးနှုန်းပြန်လည်ကျဆင်းလာသည်။

 


စားအုန်းဆီ


စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ရန်ကုန် အထိုင် ရည်ညွှန်းလက်ကားဈေးမှာ စားအုန်းဆီ တစ်ပိဿာကျပ် ၄၆၉၀ ဖြစ်ရာ ယခင်သီတင်းပတ် ထက် တစ်ပိဿာ ကျပ် ၄၀ ဈေးကျလာသည်။ ရန်ကုန်ပြင်ပဆီဈေးကွက် လက်ငင်းအလှယ်ဆီ လက်ကားဈေးနှုန်းများမှာ  အတက်အကျ   ထပ်မံ ကြမ်းလာပြန်သည်။ စက်တင်ဘာ  ၁၄  ရက်က အလှယ်လက်ငင်း လက်ကားတစ်ပိဿာ ပီပါဈေး ကျပ် ၇၆၀၀-၇၈၀၀ ရှိရာမှ စက်တင်ဘာ ၁၇ ရက် တွင် ကျပ် ၈၈၀၀-၈၉၀၀ နှုန်းသို့ မြင့်တက်လာသည်။

 

သို့သော် စက်တင်ဘာ ၁၉ ရက်တွင် ကျပ် ၈၅၀၀ - ၈၆၀၀၊    စက်တင်ဘာ  ၂၁   ရက်တွင်   ကျပ်  ၇၉၀၀ - ၈၀၀၀ နှုန်းသို့   ပြန်လည်ကျဆင်းလာပြန် သည်။ 


အောင်ခင်နိုင်