ပြည်တွင်းစက်သုံးဆီဖူလုံစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၂၁


၂၀၂၂ ခုနှစ် ဧပြီလအတွင်း စက်သုံးဆီအရောင်းဆိုင်များမှ အရောင်း ရပ်ဆိုင်းခြင်း၊ အချိန်အပိုင်းအခြားဖြင့် ရောင်းချခြင်း၊ ပမာဏအကန့် အသတ်ဖြင့် ရောင်းချခြင်းများဖြစ်ပွားခဲ့သဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာထိန်းကျောင်းကိုင်တွယ်ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်းဖူလုံမှုရှိစေရေး၊ တင်သွင်းလာ သည့် စက်သုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းတည်ငြိမ် ရေးတို့အတွက် ရည်ရွယ်၍   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက “စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ” ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ 

 


လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ    “စက်သုံးဆီ   တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းဆိုင်ရာ  လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures – SOPs)” ကို  ရေးဆွဲပြုစု၍  စက်သုံးဆီ တင်သွင်းမှုများကို   နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်း အဝေးသို့  စိစစ်ပြုစုတင်ပြဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ အတွင်း ဓာတ်ဆီ ၈၀၄၉၉ တန်နှင့် ဒီဇယ်ဆီ ၁၅၃၀၉၅ ဒသမ ၆၀ တန် စုစုပေါင်း စက်သုံးဆီတန်ချိန် ၂၃၃၅၉၄ ဒသမ ၆၀ တန် တင်သွင်း ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။

 


ထို့ကြောင့် ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိသည့်အပြင် ရန်ကုန် တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Yu Dong သင်္ဘောသည်  ဒီဇယ်ဆီ  ၅၁ ဒသမ ၁၇ ဂါလန်သန်းနှင့် ပရီမီယံ ဒီဇယ်ဆီ ၆၀ ဒသမ ၃၉ ဂါလန်သန်း၊ MT Yu Hai သင်္ဘောသည် 92 Ron ၄၂ ဒသမ ၃၃ ဂါလန် သန်းနှင့် ဒီဇယ်ဆီ ၉၂ ဒသမ ၂၅ ဂါလန်သန်း ကို ဆီချလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

 


လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်     နေ့စဉ်စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေလဲနှုန်းကို ပုံသေထား၍ စင်ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန် သော MOPS ဈေးနှုန်း၊ Premium ၊ အလျော့တွက်၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ် (Transport Charges) တို့ကို အခြေခံကာ တွက်ချက် ထုတ်ပြန်ပေးခြင်းဖြစ်သည်။    တစ်ပတ်အတွင်း    စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း MOPS ဈေးနှုန်းမြင့်တက်မှုကြောင့် ယနေ့တွင်   စက်သုံးဆီဈေးနှုန်း    အနည်းငယ်ပြန်လည်မြင့်တက်ခဲ့ ကြောင်း တွေ့ရှိရသည်။

 


လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံ စက်သုံး ဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့်ပူးပေါင်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များအလိုက်  စက်သုံးဆီ လိုအပ်ချက်များအတွက်  စက်သုံးဆီလက်ကျန်အပေါ်   မူတည်၍ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည်။ သို့ရာတွင် အချို့သောမြို့နယ်များသို့ စက်သုံးဆီ ဖြန့်ဖြူးဆောင်ရွက်ရာတွင် စက်သုံးဆီတင်ဘောက်ဆာ (Bowser) များနှင့် ဆီတွဲရေယာဉ် (Barge) များကို လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်လုယက်မှုများ ပြုလုပ်လျက်ရှိ သဖြင့် သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ အချိန်မီ မရောက်ရှိဘဲ နှောင့်နှေးလျက်ရှိကြောင်း တွေ့ရှိရသည်။

 


အချို့တိုင်းဒေသကြီး/ ပြည်နယ်များ၏ စက်သုံးဆီလိုအပ်ချက်များ ပြည့်မီနိုင်ရန်အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံ ချက်များဖြင့် နယ်စပ်ဒေသများမှ စက်သုံးဆီ တင်သွင်းမှုများကိုလည်း ကြီးကြပ်စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။