
နေပြည်တော် စက်တင်ဘာ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၀/၂၀၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်း တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာန ဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန် ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အရှေ့ဖျားဒေသ စီးပွားရေးဖိုရမ် (EEF) သို့ ပါဝင်တက်ရောက်ခဲ့မှုနှင့် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် တွေ့ဆုံ ဆွေးနွေးမှု အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာခဲ့သည့် စီးပွားရေးလုပ်ငန်းများအပါအဝင် အခက်အခဲမျိုးစုံများအကြားမှ နိုင်ငံ တော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွေ့ကျသည့် နည်းလမ်းပေါင်းစုံကို အသုံးပြုဆောင်ရွက် လျက်ရှိသကဲ့သို့ ငွေကြေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စောင့်ကြည့်၊ ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူ ထမ်းဆောင်ခဲ့သည့် ၁၈ လတာကာလအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လတ်တလော ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ကူညီမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်အတွင်း အကြမ်းဖက် လုပ်ဆောင်မှုများနှင့် အကြမ်းဖက်အားပေးမှုများ မဖြစ်စေရန် ပြည်သူ လူထုသို့ အသိပေးချက်များနှင့်စပ်လျဉ်း၍ Power Point Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီများကို စစ်ဆေးဆောင်ရွက်မှု အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်အရ ပြုစုပြီးသည့် လူဦးရေစာရင်း အပေါ် စိစစ်ဆောင်ရွက်မှု အခြေအနေများအပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ နှင့်ပတ်သက်၍ Power Point Presentation များဖြင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလို သည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်းပြောကြား ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ် ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်