မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံချင်အောင် ဆွဲဆောင်နိုင်ဖို့ မက်လုံးတွေ ပေးဖို့လိုအပ်ပါတယ်။ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေရော၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက်ပါ တန်းတူအခွင့်အရေးပေးဖို့ လိုပါတယ်

 

သတင်းအဖွဲ့

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ သွားရောက်ခဲ့သည်။ 

 


ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွား ရေးဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေး  Plenary Session ၌ တက်ရောက်ပါဝင်ဆွေးနွေးခြင်း ၊ ဗလာဒီဗော့စတော့ခ်မြို့၌ လေ့လာခြင်း၊ Republic of Buryatia ပြည်နယ် Ulan – Ude မြို့၌ လေ့လာခြင်း၊ Amur ပြည်နယ် Blagoveshchensk မြို့ရှိ Vostochny Cosmodrome  အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ သွားရောက်လေ့လာခြင်း၊ Irkutsk မြို့၌ လေယာဉ်ထုတ်လုပ်ရေးစက်ရုံအပါအဝင် လှည့်လည်ကြည့်ရှု လေ့လာခြင်း စသည်ဖြင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိသည့် ခရီးစဉ်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။


သို့ဖြစ်၍ အဆိုပါ ခရီးစဉ်နှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည် -


ဒေါက်တာရင်ရင်နွယ် 
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်)


နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းထဲမှာ ပါဝင်တဲ့ စားနပ်ရိက္ခာလုံခြုံရေး ရဲ့ အဓိပ္ပာယ်ကို ကျွန်မအနေနဲ့ အနည်းငယ်ထပ်ပြီး  အကျယ်ဖွင့်ဟ ပါရစေ။ ဒီကိစ္စနဲ့ဆက်စပ်နေတဲ့ အစာအာဟာရကဏ္ဍမှာ နှစ်ပေါင်း များစွာ အလုပ်အတွေ့အကြုံရှိခဲ့တဲ့ သူတစ်ယောက်အနေနဲ့လည်း ပြောလိုပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က “စားနပ်ရိက္ခာလုံခြုံရေး” ရဲ့အဓိပ္ပာယ်ကို ကျန်းမာရေးနဲ့  ညီညွတ်တဲ့ အစားအသောက်တွေကို သင့်တင့်တဲ့   ဈေးနှုန်းနဲ့  လွယ်ကူလုံလောက်စွာ  ဝယ်ယူနိုင်ခြင်းလို့  အကျဉ်းချုပ်   အဓိပ္ပာယ်ဖော်ထုတ်သွားပါတယ်။  မိန့်ခွန်းဆိုတော့ အချိန်ကန့်သတ်ချက်အရ    ပြောခဲ့ရတယ်။  ဒါက  နိုင်ငံတကာ သတ်မှတ်ချက်ရဲ့  မူဘောင်နဲ့    ကိုက်ညီတဲ့   အဓိပ္ပာယ်ဖော်ထုတ် ချက်ပါ။ 

 


ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ သတ်မှတ် ချက်က “လူသားတိုင်းက အချိန်တိုင်းမှာ ဘေးကင်းပြီး အာဟာရပြည့်ဝ တဲ့ အစားအစာကို လုံလုံလောက်လောက်  ရရှိနိုင်ရမယ်။  ဝယ်ဖို့ လိုအပ်ရင်လည်း ဝယ်နိုင်ရမယ်။  ကျန်းမာသန်စွမ်းပြီး  လှုပ်ရှားသွားလာ နိုင်တဲ့   လူနေမှုဘဝကို  ပေးစွမ်းနိုင်ဖို့  ဒီအစားအစာက  အာဟာရ လုံလောက်ရမယ် ” (အညွှန်း ၁)။ ဒီစားနပ်ရိက္ခာလုံခြုံရေးရဲ့ အဓိပ္ပာယ် ကို အသေးစိတ်ကိုဖွင့်ဆိုပြီး စားနပ်ရိက္ခာလုံခြုံရေးအပေါ် သက်ရောက် မှုရှိတဲ့ အကြောင်းအရင်းများကို ကျွန်မ သုံးသပ်လိုပါတယ်။ 

 


ပထမအချက်အနေနဲ့ ငွေကြေး။ နိုင်ငံတစ်ခုကိုကြည့်မယ်ဆိုရင် ကိုယ့်နိုင်ငံက စားနပ်ရိက္ခာ လုံလောက်အောင် ထွက်ချင်မှထွက်မယ်။ ဒါဆိုရင်   ပြည်ပက  လိုအပ်တဲ့အစားအစာတွေ ဝယ်ယူဖို့  ငွေကြေး လုံလောက်ရမယ်။   ဒုတိယအနေနဲ့   ပြည်တွင်းတစ်နေရာကနေ တစ်နေရာကိုပို့ဖို့ လောင်စာဆီ လုံလောက်ဖို့လိုတယ်။  ဒီတော့  အခု ခေတ်   စားနပ်ရိက္ခာလုံခြုံရေးကို   အကောင်အထည်ဖော်နိုင်ဖို့က ငွေကြေးနဲ့ လောင်စာဆီတို့ လုံလောက်ရင်  တော်တော်ဟုတ်နေပြီ။ စင်ကာပူနိုင်ငံကိုကြည့်ပါ။ စင်ကာပူက  သူ့စားနပ်ရိက္ခာ   လိုအပ်ချက် အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို တိုင်းပြည်ပေါင်း ၁၇၀ ကနေ တင်သွင်းရ တယ်(အညွှန်း ၂)။   အကြောင်းတစ်ခုခုကြောင့် စင်ကာပူကို လေယာဉ် တွေ သင်္ဘောတွေ မဆိုက်နိုင်တော့ရင် စင်ကာပူဒုက္ခရောက်ပြီပေါ့။
တတိယကလူဦးရေ။ ရှိတဲ့လူဦးရေအတွက်  လိုအပ်သလောက် စားနပ်ရိက္ခာရရှိဖို့ဆိုတာကို လူတိုင်းသိကြပြီးဖြစ်လို့ တစ်ချက်ပဲ ဖြည့်စွက် ပြောချင်တယ်။ အခုအချိန်မှာ ကမ္ဘာကထွက်တဲ့ စားနပ် ရိက္ခာက ကမ္ဘာ့လူဦးရေအတွက် လောလောဆယ် လုံလောက်နေတယ် လို့ နိုင်ငံတကာအဖွဲ့အစည်းများက ပြောကြတယ် (အညွှန်း ၃)။ တချို့ နေရာဒေသတွေမှာ  အစာငတ်ပြတ်နေကြတာက  ဆင်းရဲမွဲတေမှု ကြောင့်အဓိကဖြစ်ပြီး  နိုင်ငံရဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်၊ စားနပ်ရိက္ခာ    ဖြန့်ဖြူးစီမံခန့်ခွဲတဲ့စနစ်တွေမှာ  အားနည်းချက်တွေ ရှိတယ်လို့သုံးသပ်နိုင်တယ်။    

 


စတုတ္ထအချက်က ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်။ ဒါတွေကလည်း သီးနှံတွေစိုက်ပျိုးဖို့၊ စားနပ်ရိက္ခာလုံခြုံမှုရရှိဖို့ လိုအပ်နေတဲ့ ရေအရင်း အမြစ်၊ ရေရရှိမှုတို့နဲ့  ချိတ်ဆက်နေပါတယ်။ မြန်မာနိုင်ငံက ရေပေါများ တော့  ရေကို   ဖြုန်းတီးကြတယ်။      တန်ဖိုးမထားတတ်ကြဘူး။  ရှေ့လျှောက်  ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မိုးခေါင်တာတွေ၊ မုန်တိုင်းကျတာတွေ ပိုမိုပူပြင်းလာတာတွေဟာ စားနပ်ရိက္ခာလုံခြုံမှုကို ထိခိုက်မှာမို့  ရေရှားမယ့် ဖြစ်ရပ်တွေ၊ ရေကြီး ရေလျှံဖြစ်ရပ်တွေအတွက်  နိုင်ငံတိုင်း   ကြိုတင်ပြင်ဆင်ရမယ်လို့ မြင်ပါတယ်။  

 


ပဉ္စမအနေနဲ့က နည်းပညာ။ စားနပ်ရိက္ခာလုံခြုံမှုရရှိဖို့ စိုက်ပျိုးရေး၊ ရေရရှိရေးတို့မှာ အသုံးပြုတဲ့ နည်းပညာတွေဖြစ်ပါတယ်။  မြန်မာ ပြည်  မိုးရေချိန်ရဲ့  ငါးပုံတစ်ပုံသာ  မိုးရေချိန်ရှိတဲ့  အစ္စရေးနိုင်ငံမှာ နည်းပညာတွေနဲ့ သဲကန္တာရထဲမှာတောင် ကောက်ပဲသီးနှံတွေ စိုက်ပျိုး ပြီး အစားအသောက်တွေ  တင်ပို့နိုင်တယ်။ နောက်ထပ်ဥပမာတစ်ခု ကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထောက်ပံ့ ခဲ့တဲ့ ဆည်မြောင်းစနစ် အုပ်ချုပ်ထိန်းသိမ်းမှုမှာ နည်းပညာတွေအသုံးပြု ပြီး စနစ်ရဲ့ စွမ်းဆောင်ရည် (performance)ကို မြှင့်တင်ပေးတဲ့ စီမံကိန်း ဖြစ်ပါတယ်   (အညွှန်း ၄)။   အများသိတဲ့အတိုင်း  စိုက်ပျိုးရေးမှာ  ထုတ်လုပ်နိုင်မှုစွမ်းအားဆိုတာက စိုက်ပျိုးရေးသွင်းအားစု  (input) တွေဖြစ်တဲ့ မြေဩဇာ၊ ရေပေးနိုင်မှု သာမက  နည်းပညာတွေနဲ့လည်း သက်ဆိုင်ပါတယ်။ မျိုးစေ့ကအစ အရည်အသွေးပြည့်ဝတဲ့ အထွက်နှုန်း ကောင်းတဲ့ မျိုးစေ့တွေဖြစ်ဖို့ နည်းပညာတွေလိုအပ်ပါတယ်။ 

 


ဆဋ္ဌမအနေနဲ့ စားနပ်ရိက္ခာသိုလှောင်မှုနဲ့  စားနပ်ရိက္ခာပြုန်းတီးမှု။ စားနပ်ရိက္ခာသိုလှောင်တဲ့စနစ်တွေ၊ ပြီးတော့ စားနပ်ရိက္ခာပြုန်းတီးမှုတွေကလည်း စားနပ်ရိက္ခာလုံခြုံရေးအပေါ် သက်ရောက်မှုရှိပါတယ်။ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းပြီး သိုလှောင်ရာမှာ  ပျက်စီးပြုန်းတီးမှု တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ ၁၉၉၅ ခုနှစ် ကျွန်မ နီဂျဲ (Niger) နိုင်ငံမှာ  ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့နဲ့  ကွင်းဆင်းခဲ့စဉ်က အဲဒီမှ ရွာသူတွေက ကောက်ရိတ်ပြီး လူး၊ ဆပ်၊ ပြောင်းတွေအတွက် သိုလှောင်ရုံကောင်းကောင်း လိုတယ်၊  ရေတွင်းတွေ  လိုတယ်ဆိုပြီး အဓိက တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အများသိပြီးဖြစ်တဲ့အတိုင်း အစားအသောက်တွေ စားသောက်လို့မကုန်ဘဲ  လွှင့်ပစ်ရတာတွေ ကြောင့်လည်း  ကမ္ဘာမှာ  စားနပ်ရိက္ခာပြုန်းတီးမှုတွေ  ဖြစ်ပေါ်နေပါ တယ်။ ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ (Sustainable Development Goals)အနက်  နိုင်ငံ တွေမှာရှိတဲ့  စားနပ်ရိက္ခာပြုန်းတီးမှုကိုတောင်  ညွှန်းကိန်းအနေနဲ့ တိုင်းထွာဖို့ ကြိုးစားနေပါတယ် (အညွှန်း ၅)။

 


သတ္တမအနေနဲ့  စားနပ်ရိက္ခာဖြန့်ဖြူးရေးအပိုင်း  ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ လောင်စာဆီနဲ့လမ်းပန်းဆက်သွယ်ရေးတို့က အဓိက ပေါ့လေ။
အဋ္ဌမအချက်ကတော့ စားနပ်ရိက္ခာ လုံလောက်မှု ဖြစ်ပါတယ်။ ဒီကိစ္စကို Oxford တက္ကသိုလ်က သုတေသီအဖွဲ့ Our World in Data က  ကုလသမဂ္ဂ ကနေရတဲ့ အချက်အလက်တွေကို သုံးသပ်ခဲ့တယ်။ ဘာတွေ့ရသလဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ  ရှစ် ဘီလီယံ ဝန်းကျင်မှာ ကိုးရာခိုင်နှုန်း (သန်း၇၂၀ ဝန်းကျင်) က အစား စားရတာ အင်မတန်နည်းပြီး ဆာလောင်နေကြတယ်။ မြန်မာပြည်မှာတော့ ၂၀၁၉ ခုနှစ်မှာ ၁ ဒသမ ၉ ရာခိုင်နှုန်းက  ဒီလိုဆာလောင်နေတဲ့အခြေ အနေရှိတယ်လို့ ဆိုတယ်။ ပြီးတော့ ကမ္ဘာမှာ လူလေးယောက်မှာ တစ်ယောက်က စားချင်သလောက် မစားရဘူး၊ စားနပ်ရိက္ခာလုံခြုံမှု မရှိလို့  သတ်မှတ်ထားတယ်။  မြန်မာပြည်မှာတော့  လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းက    စားနပ်ရိက္ခာလုံခြုံမှုမရှိလို့     ဒီသုတေသီအဖွဲ့က သတ်မှတ်ထားတယ် (အညွှန်း ၆)။ 

 


လူတစ်ယောက်ကို တစ်နေ့ကို ကီလိုကယ်လိုရီ ၂၁၀၀ စားရမယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့က  သတ်မှတ် ထားတာရှိပါတယ်။  ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် ဒီထက်ပိုနေတယ်။ ၂၆၇၃ ကီလိုကယ်လိုရီ ရှိနေတယ်။ အစားအသောက် အနေနဲ့ လုံလုံလောက်လောက်ရှိနေတယ်။ ကမ္ဘာ့စံချိန်ထက်တောင် များနေသေးတယ်။ ဒါပေမယ့် ဒါက တစ်နိုင်ငံလုံးအနေနဲ့ ပျမ်းမျှကြည့် တာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က အစားအသောက်ရဲ့ အရည် အသွေး၊ ကျန်းမာရေးနဲ့ညီညွတ်မှုရှိ/မရှိ တို့ကို ထည့်မစဉ်းစားထားဘူး။

 


နောက်ဆုံးအချက်ကတော့  အစားအသောက်က ကျန်းမာရေးနဲ့ ညီညွတ်မှုရှိ/မရှိ  ဆိုတာကို ပြန်ကြည့်ရင်တော့ ကျွန်မတို့ နိုင်ငံက အများကြီးတိုးတက်ဖို့   လိုပါသေးတယ်။   ဘာကြောင့်လဲဆိုတော့ အသက် ၅ နှစ်အောက် ကလေးတွေရဲ့ ဖွံ့ဖြိုးမှုဟာ အားနည်းနေပြီး အဏုအာဟာရဓာတ်လို့ ခေါ်တဲ့ Micronutrient အားနည်းမှုများကြောင့် ထိုင်းနိုင်ငံက  ကလေးများထက်  မြန်မာကလေးတွေက  ပုညှက်ခြင်း (stunting) ပိုများတယ်။ ကမ္ဘာမှာ ပုညှက်နှုန်းက ၂၂ ရာခိုင်နှုန်း ရှိပေမယ့် မြန်မာမှာ ၂၅ ဒသမ ၂ ရာခိုင်နှုန်းရှိတယ်။ လာအို နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ ပိုတောင်ဆိုးသေးတယ်။  ပုညှက်နှုန်းက  ၃၀ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ၂၉ ဒသမ ၉ ရာခိုင်နှုန်းတို့ဖြစ်တယ်(အညွှန်း ၇)။ 

 


မေး    ။    ။    နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားနိုင်ငံခရီးစဉ်အပေါ် သုံးသပ် ပြောကြားပေးစေလိုပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့တဲ့  ပြည်သူတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့  အစား အသောက်တွေကို သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ လွယ်ကူလုံလောက်စွာ ဝယ်ယူနိုင်ခြင်းဆိုတဲ့စကားက နိုင်ငံတကာရဲ့  အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ လည်း ကိုက်ညီပါတယ်။  စားနပ်ရိက္ခာလုံခြုံရေးကို ဆွေးနွေးတာလည်း မှန်ပါတယ်။ အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ ရုရှား- ယူကရိန်း စစ်ကြောင့် စားနပ်ရိက္ခာလုံခြုံမှုမရှိဘူးဆိုပြီး ကမ္ဘာနဲ့အဝန်း ပြောဆို နေကြတယ်။ မြန်မာနိုင်ငံမှာလည်း စားနပ်ရိက္ခာလုံခြုံရေးနဲ့ပတ်သက် ပြီး စိန်ခေါ်မှုတွေ  အများကြီးရှိနေသေးတယ်ဆိုတော့ ဒီအကြောင်းအရာ က အင်မတန် အရေးပါတဲ့ကဏ္ဍဖြစ်ပါတယ်။ ဒါပေမယ့်  မြန်မာပြည်သူ လူထုက  စားနပ်ရိက္ခာလုံခြုံမှုအနေနဲ့ ပတ်သက်ပြီး နားလည်သင့် သလောက် နားမလည်သေးဘူး။ အထူးသဖြင့်  food safety, food quality လို့ခေါ်တဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ ဘေးအန္တရာယ်တွေ နဲ့ အစားအသောက်ရဲ့ အရည်အသွေးအကြောင်းတွေကို ပိုမိုနားလည် အောင် ကြိုးစားဆောင်ရွက်ဖို့လိုပါမယ်။ လက်ရှိ ကမ္ဘာတစ်ဝန်းလုံးမှာ ကုန်ဈေးနှုန်းတွေ တက်နေတာလည်း ကြီးမားတဲ့ စိန်ခေါ်မှုပါ။ 

 


(၇) ကြိမ်မြောက်    အရှေ့ဖျားစီးပွားရေးဖိုရမ်က   နိုင်ငံပေါင်း  ၉၀  ကျော်က   တက်ရောက်ကြတော့  ဒီအကြောင်းအရာကို ဆွေးနွေး တာ မှန်ပါတယ်။  နည်းတဲ့အခွင့်အရေးလည်း မဟုတ်ပါဘူး။ 

 


နောက်တစ်ချက်က  နိုင်ငံတကာက  လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတာ တွေ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ ဖိတ်ခေါ်တာ လည်း အင်မတန်မှန်ပါတယ်။ ဒါပေမယ့်မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံချင်အောင်ဆွဲဆောင်နိုင်ဖို့ မက်လုံးတွေ ပေးဖို့လိုအပ်ပါ တယ်။ ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေရော၊ နိုင်ငံတကာက ရင်းနှီး မြှုပ်နှံမယ့်သူတွေအတွက်ပါ တန်းတူအခွင့်အရေးပေးဖို့ လိုပါတယ်။  ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေတဲ့ စိန်ခေါ်မှုတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့  လိုပါတယ်။   ရင်းနှီးမြှုပ်နှံသူတွေလာဖို့  ဈေးကွက် စီးပွားရေးစနစ်ကို  ဆက်လက်ဖော်ဆောင်ပေးနိုင်ဖို့လည်း လိုအပ်ပါ တယ်။

 


နောက်တစ်ချက်က  ရုရှားနိုင်ငံနဲ့  သိပ္ပံနဲ့နည်းပညာဆိုင်ရာတွေမှာ  ပူးပေါင်းဆောင်ရွက်ဖို့ရှိမယ်ဆိုတာ အင်မတန်ကောင်းသောသတင်းပါ။ အစိုးရဌာနတွေအနေနဲ့ ဒါကိုအကျိုးရှိရှိအသုံးချပြီးအောင်မြင်လာဖို့က ပြုပြင်ပြောင်းလဲရေး (reform) တွေ လုပ်ဖို့ လိုနေသေးတယ်ဆိုတာ ကို ပြောချင်ပါတယ်။

 


အားလုံးကို    ခြုံငုံသုံးသပ်မယ်ဆိုရင်   နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားတဲ့  မိန့်ခွန်းက Focus  မှန်ပါတယ်။ ဒီခရီးစဉ်က  နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိတဲ့ ခရီးစဉ်တစ်ခု ဖြစ်တယ်လို့ ပြောကြား လိုပါတယ်။ 

 


ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားခရီးစဉ်မှာ  ပြောသွားတဲ့  မိန့်ခွန်းဟာ  နိုင်ငံတကာပရိသတ်ကို ဦးတည်ပြောသွားတာ ဖြစ်ပါတယ်။  သို့သော် မြန်မာနိုင်ငံပရိသတ်များ အတွက်လည်း အကျုံးဝင်တဲ့ မိန့်ခွန်းဖြစ်တဲ့အတွက်  မြန်မာပရိသတ် တွေအတွက် သုံးသပ်လိုပါတယ်။ 

 


ဥက္ကဋ္ဌကြီးရဲ့   မိန့်ခွန်းမှာ   လူတစ်ယောက်က   အစားအစာ စားသောက်မှ Energy ရှိမှာ  ဖြစ်တဲ့အတွက်  Human Energy လိုအပ်ချက်ကို ပြောပါတယ်။ Human Energy ရှိဖို့က Food Security ရှိဖို့လိုတယ်   ဆိုတာကိုလည်း  ထည့်သွင်းပြောကြားသွားပါတယ်။  Food Security ရှိဖို့က စွမ်းအင်လုံခြုံမှု Energy Security ရှိဖို့လိုအပ်တဲ့ အကြောင်းကိုလည်း  ထည့်သွင်းပြောကြားသွားပါတယ်။  Energy Security ရှိဖို့က Financial Security ဘဏ္ဍာရေးလုံခြုံမှု ရှိဖို့လို အပ်တာကိုလည်း   ထည့်သွင်းပြောကြားသွားပါတယ်။   Human Energy, Food Security, Energy Security နဲ့ Financial Security တွေ အားလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြတာဖြစ်ပါတယ်ဆိုတဲ့ မဟာဗျူဟာ ဆက်စပ်မှု လေးခုကို ခြုံငုံပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသွားတာကို တွေ့ရှိရပါတယ်။  ဒီဆက်နွှယ်မှုကိစ္စတွေကို နားလည်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့  မိန့်ခွန်းရဲ့ အတိမ် အနက်ကို တွက်ချက်နားလည်နိုင်မယ်လို့ ယူဆပါတယ်။ 

 


Financial Security မရှိရင် Food Security အတွက် လိုအပ်တဲ့ မျိုးစေ့၊ နည်းပညာ၊ အထောက်အကူပြုပစ္စည်းတွေ  မရနိုင်ဘူး။ ဒီ အချက်ကို နိုင်ငံတော်ဝန်ကြီးချုပ် ထောက်ပြသွားရတဲ့  အကြောင်း ကတော့ ဒေါ်လာရှိတဲ့သူတွေက ဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်တဲ့ အခါ Food Security ကို တိုက်ရိုက်သွားပြီး ထိခိုက်တယ်ဆိုတဲ့ အချက် ဖြစ်သလို အရေးကြီးတဲ့ Human Energy ကို တိုက်ရိုက်ထိခိုက်တယ် ဆိုတဲ့ အချက်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ Financial Security က Food Security ကို ထိခိုက်မှု ဖြစ်စေတာနဲ့ Human Energy အပေါ် အကျိုးသက်ရောက်မှုတွေကို  ကျွန်တော်တို့က   အပေါ်ယံလောက်ပဲ နားလည်ကြပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အောက်ခြေ အထိ နားလည်ကြမယ်လို့ သုံးသပ်ပါတယ်။

 


ဒေါ်လာလက်ဝယ်  လက်ကိုင်ထားသူတွေက   လွှမ်းမိုးချုပ်ကိုင် ခြယ်လှယ်ခြင်း  နောက်ကွယ်က ဆိုးကျိုးတွေကို တားဆီးနိုင်ဖို့ ယွမ်၊ ရူပီး၊ ရူဘယ်  စတဲ့နိုင်ငံကြီးတွေက  ပိုက်ဆံတွေကို  အသုံးပြုပြီး Financial Security ရှိအောင် လုပ်ဆောင်ဖို့ လိုအပ်တာကို အဆိုပြု ခြင်း ဖြစ်တယ်လို့ နားလည်ပါတယ်။ Financial Security ရှိမှ Food Security ရှိမယ်။ Food Security ရှိမှ Human Energy ရှိနိုင်မယ် ဆိုတဲ့ ဥပဒေသ တစ်ခုကို (Eastern Economic Forum - EEF) တက်ရောက်လာသူများအား ထောက်ပြခြင်း ဖြစ်ပါတယ်။ 

 


Food Security လို့ပြောလိုက်ရင် ကျွန်တော်တို့ မြန်မာပြည်က သာမန်လူတွေ နားလည်တာက ထမင်းတစ်နေ့ကို နှစ်နပ်စားနိုင်တာ လောက်ပဲ  စဉ်းစားတယ်။  တကယ်တော့ Food Security ဆိုတာ ပေါင်မုန့်တစ်ချပ်ကို  ဝယ်ချင်တယ်၊  ဝယ်ချင်တဲ့အချိန်မှာ  ဝယ်ဖို့ ပေါင်မုန့်ဆိုင်မှာ  ပေါင်မုန့်က  ရှိနေဖို့ လိုအပ်ပါတယ်။ အဲဒီဆိုင်မှာ ရှိနေတဲ့    ပေါင်မုန့်ကလည်း  ပုပ်သိုးနေတဲ့ပေါင်မုန့်   မဖြစ်ရဘူး။ ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံမှုရှိတဲ့ ပေါင်မုန့်ဖြစ်ကိုဖြစ်ရမယ်။ ဒီအချက်သုံးချက်နဲ့   ထည့်သွင်းစဉ်းစားပြီးမှ  Food Security ကို နိုင်ငံတော်ဝန်ကြီးချုပ်က မက်ဆေ့ပေးချင်တာ ဖြစ်တယ်လို့ နားလည် ပါတယ်။

 


(World Food Program- WFP) ရဲ့  ဩဂုတ်လ နောက်ဆုံးရတဲ့ ဒေတာအရ နိုင်ငံပေါင်း ၈၂ နိုင်ငံမှာ လူဦးရေသန်းပေါင်း ၃၄၅ သန်းက Food Security မရှိတဲ့ နိုင်ငံတွေ ဖြစ်နေပါတယ်။ ဒီနှစ်မကုန်ခင်မှာ လူဦးရေသန်းပေါင်း ၁၅၂ သန်းကို Food Security   ရနိုင်ဖို့ WFP က ကြိုးစားနေပြီး ဘတ်ဂျက်က ဒေါ်လာ ၂၂ ဒသမ ၂ ဘီလီယံ လိုအပ်နေ ပါတယ်။ ဒါပေမယ့် ဩဂုတ်လအထိ ၂၀ ရာခိုင်နှုန်းသာ ရရှိထားပြီး ကျန်တဲ့ သုံးလအတွင်း ၈၀ ရာခိုင်နှုန်းရဖို့က  မလွယ်ကူပါဘူး။ ဒါကြောင့်  နိုင်ငံပေါင်း ၂၀၀ လောက်ရှိတဲ့ ကမ္ဘာကြီးမှာ နိုင်ငံပေါင်း ၈၀ ကျော် လောက်မှာ Food Insecurity  ဖြစ်နေတယ်ဆိုတာကို သိရှိဖို့ လိုအပ်ပါတယ်။

 


ဒီအချက်ကို နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိနားလည်တဲ့အတွက် သူ့မိန့်ခွန်းမှာ Food Security   ပြောနေတာက နိုင်ငံပေါင်း ၈၂ နိုင်ငံက လူဦးရေ သန်းပေါင်း ၃၄၅ သန်းရှိတဲ့ လူဦးရေအတွက် သွယ်ဝိုက်သော နည်းနဲ့ ထောက်ပြထားတာ ဖြစ်ပါတယ်။ မိန့်ခွန်းမှာ နောက်တစ်ချက် ပြောတာက ရုရှားနှင့်  ပူးပေါင်းဆောင်ရွက်သွားမှာ  ဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။   သူ့ရဲ့မိန့်ခွန်းမှာ   အကြောင်းအရာတစ်ခု တစ်ခုတိုင်းက အဆင့်လိုက်  ကွင်းဆက်နဲ့   ချိတ်ဆက်နေပါတယ် ဆိုတာကို ကျွန်တော်တို့ နားလည်ဖို့ အရေးကြီးပါတယ်။ 

 


မြန်မာနိုင်ငံမှာဖြစ်စေ၊   ကမ္ဘာ့နိုင်ငံတွေမှာဖြစ်စေ  ဘာကြောင့် Food Security   မရှိတာလဲဆိုတဲ့  အကြောင်းအရင်းအမြစ်တွေ များစွာရှိပါတယ်။ ပထမအချက်က ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် စားနပ်ရိက္ခာတွေ ထုတ်မရ၊ ပို့မရ၊ သွင်းမရဖြစ်တဲ့ ကိစ္စတွေကြောင့် ဖြစ်ပါတယ်။ ဒုတိယအချက်က ရာသီဥတုဖောက်ပြန်မှု ပြဿနာဖြစ်ပါ တယ်။ နိုင်ငံအချို့မှာ ရေတွေခန်း၊ အချို့မှာ ရေတွေကြီး ဒီလိုရာသီဥတု ဖောက်ပြန်မှုပြဿနာတွေက Food Security ကို ထိခိုက်စေပါတယ်။ တတိယအချက်ကတော့ ပဋိပက္ခကြောင့် အချို့နေရာတွေမှာ စားနပ် ရိက္ခာအတွက် ဝန်ဆောင်မှုမလုပ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက် တွေက Food Security   အတွက် အဓိကစိန်ခေါ်မှုတွေ ဖြစ်တယ်ဆိုတာ ကို ကျွန်တော်တို့ နားလည်ဖို့ လိုပါတယ်။ 

 


Food Security  ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုတဲ့ကိစ္စ ကို နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေအထားကို အခြေခံပြီး ရှင်းပြထားပါတယ်။ ဥပမာ  မြန်မာနိုင်ငံမှာ  မြေရှိတယ်၊  ရေရှိတယ်၊ ရာသီဥတုက  အဆိုးရွားကြီး  မဟုတ်ဘူး။  အဓိက  လိုအပ်တာက Energy Security ဖြစ်ပါတယ်။ Food Security   အတွက် လိုအပ်တဲ့ Energy Security ဒါ့အပြင် Financial Security ရှိအောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို  ထည့်သွင်းပြောကြားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ရုရှား-မြန်မာနှစ်နိုင်ငံ   ပူးပေါင်းပြီး  Food Security ရှိအောင် ဆောင်ရွက်ဖို့ အာရှဒေသနိုင်ငံတွေအမြင်နဲ့  ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေ အမြင် နှစ်ခုကို  ချပြခဲ့တာကို တွေ့ရှိရပါတယ်။ 

 


နောက်တစ်ချက်က Food Security, Energy Security, Financial Security ဒီ သုံးခု ရှိရုံနဲ့ မပြီးပါဘူး။ ရုရှားမှာရှိတဲ့ဂျုံက မြန်မာနိုင်ငံ ရောက်ဖို့အတွက်   လမ်းလိုပါတယ်။  ဒါကြောင့်  တရုတ်နိုင်ငံက ဆောင်ရွက်နေတဲ့ BRI နဲ့ ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး အာရှဒေသတစ်ခု လုံး Food Security ရဖို့ အကြံပြုသွားတာလို့ ယူဆပါတယ်။ စိုက်ပျိုး မြေ ဧရိယာတွေ များစွာရှိနေတဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံခြင်းအားဖြင့်   နှစ်နိုင်ငံအပါအဝင်  နိုင်ငံတကာအတွက် Food Security ကောင်းကျိုးဖြစ်နိုင်ကြောင်းကို ထောက်ပြသွားခြင်း ဖြစ်ပါ တယ်။ 

 


ရုရှားနဲ့   မြန်မာက  ဆက်ဆံရေးမှာ  စာမျက်နှာ  အသစ်တစ်ခု ဖွင့်လိုက်တာက ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက်ဖြစ်ပါတယ်။  ရုရှား-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုက နှစ်ပေါင်းများစွာ ကြာပြီဖြစ်တယ်ဆိုတာ အများစုက သိပြီးသားဖြစ်ပါတယ်။ အခုက စစ်ဘက်ဆိုင်ရာ တစ်ခုတည်း မဟုတ် ဘဲ ပညာရေးဆိုင်ရာ ပူးပေါင်းမှု၊ ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းမှု စာချွန်လွှာတွေ   လက်မှတ်များ  ရေးထိုးကြတယ်။  ဒီခရီးစဉ်မှာ နိုင်ငံတကာ ဆက်ဆံရေးမှာ အောင်မြင်မှုရတယ်လို့ သုံးသပ်ပါတယ်။ ပထမအချက်က ခုနကပြောခဲ့တဲ့ နိုင်ငံပေါင်း ၈၂ နိုင်ငံမှာ Food Security မရှိဘူး။  ဒီအချက်နဲ့ပတ်သက်ပြီး  နိုင်ငံတကာရဲ့  စိုးရိမ် ပူပန်မှုကို ဘယ်လိုအဖြေရှာ ကျော်ဖြတ်နိုင်မလဲဆိုတာကို နိုင်ငံတော် ဝန်ကြီးချုပ်က  ထောက်ပြခြင်းနဲ့  နည်းလမ်းတွေကို  ပြောကြားသွားပါ တယ်။  ဒုတိယအချက်အနေနဲ့ မြန်မာနဲ့ ရုရှားနိုင်ငံတို့ရဲ့ အမျိုးသား အကျိုးစီးပွားအတွက်  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုတာကို   ယထာဘူတကျကျ   တင်ပြနိုင်တဲ့အတွက်   နိုင်ငံတော် ဝန်ကြီးချုပ်  ဒီခရီးစဉ်က  အတော်အောင်မြင်တဲ့   ခရီးစဉ်ဖြစ်ပါတယ်လို့ သုံးသပ်ရပါတယ်။

 


ရုရှားသမ္မတ ပြောတဲ့အထဲမှာ မြန်မာနဲ့ရုရှား သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်တဲ့ ပွဲကို ကျင်းပသွားမယ်ဆိုတာပါတယ်။ နိုင်ငံတော် အကြီးအကဲတစ်ယောက်က   ဒီလိုပြောဆိုမှုဆိုတာ  နိုင်ငံတကာ ဆက်ဆံရေးမှာ ကြီးမားတဲ့လေးစားဂုဏ်ပြုဆက်ဆံခြင်း ဖြစ်ပါတယ်။ နောက်တစ်ချက်က   အရှေ့တောင်အာရှဒေသမှာ  မြန်မာနိုင်ငံက ယုံကြည်စိတ်ချရတဲ့  ကာလရှည်  မိတ်ဖက်နိုင်ငံတစ်ခုဖြစ်တယ်လို့ ပြောကြားခြင်းကလည်း အရေးပါတဲ့ အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ အရှေ့တောင်အာရှ  နိုင်ငံပေါင်း ၁၁ နိုင်ငံအနက် မြန်မာနိုင်ငံဟာ ယုံကြည်အားထားရတဲ့ မဟာမိတ်ဖြစ်တယ်ဆိုတဲ့အချက်ဟာ နိုင်ငံ တကာဆက်ဆံရေးမှာ အရေးကြီးတဲ့ Statement တစ်ခု ဖြစ်ပါတယ်။

 


နောက်တစ်ချက်က သမ္မတပူတင် ပြောသွားတဲ့ နှစ်နိုင်ငံကုန်သွယ် ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မယ်ဆိုတာက အတော်ကျယ်ပြန့် ပါတယ်။ စီးပွားရေး  ပူးပေါင်းဆောင်ရွက်မှုမှာ  ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊   နည်းပညာဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှု စသဖြင့်   ခေါင်းစဉ်ကြီး  နှစ်ခုအောက်မှာ  ခေါင်းစဉ်အသေးများစွာ ရှိပါတယ်။ 

 


အသိအမှတ်ပြုခြင်း၊ သဘောတူညီချက်များ လက်မှတ်ထိုးနိုင်ခြင်း၊ ချစ်ကြည်ရင်းနှီးမှု  တည်ဆောက်နိုင်ခြင်း  စတဲ့ခေါင်းစဉ်ကြီး တစ်ခု အောက်မှာ အကောင်အထည်ဖော်ဆောင်ရမယ့် ခေါင်းစဉ်ငယ်များစွာ ရှိပါတယ်။ ဒါတွေကို မသိနားမလည်သူတွေကတော့  ဦးနှောက်ကို အသုံးမချဘဲ၊ အဖျက်သဘော ခံစားချက်နဲ့ ဒီခရီးစဉ်ကို သုံးသပ်ဝေဖန် နေမှာ ဖြစ်ပါတယ်။ အဆိုးမြင်နေသူတွေကို ကျွန်တော်မေးခွန်းတစ်ခုပဲ ပြန်ပြီးမေးချင်ပါတယ်။ ခင်ဗျားတို့ မြန်မာနိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် ကုန်သွယ်ရေး၊ စီးပွားရေး၊ နည်းပညာဆိုင်ရာ သဘောတူညီမှု  စာချုပ်တွေကို  ဘယ်နိုင်ငံတွေနဲ့  ဘယ်နှခုများ  ချုပ်ဆိုခဲ့ပြီးပြီလဲ၊   အမိမြန်မာနိုင်ငံတော်ရဲ့  ကောင်းကျိုးအတွက် ဘာတွေများ လုပ်ဆောင်ပြနိုင်သလဲ ဆိုတာပါပဲ။ 

      
(ဆက်လက်ဖော်ပြပါမည်)