စကုမြို့ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား စားကုန်များနှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်

 

မကွေး     စက်တင်ဘာ     ၁၇


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုနှင့်  မင်းဘူး (စကု)မြို့နယ်မှ စေတနာရှင်အလှူရှင်များ ပူးပေါင်း ပါဝင်လှူဒါန်းမှုဖြင့်      စကုမြို့အတွင်းရှိ   အခြေခံလူတန်းစားအိမ်ထောင်စုများအား      အခြေခံ စားသောက်ကုန်များကို  စက်တင်ဘာ ၁၅  ရက်က ထောက်ပံ့ပေးအပ်သည်။

 


စကုမြို့ ရွှေပန်းရုံကျောင်းတိုက် သုခကာရီဓမ္မာရုံ ၌ ကျင်းပသော ထောက်ပံ့ပေးအပ်ပွဲတွင်   မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ စီမံထောက်ပံ့မှုအပြင် မင်းဘူး (စကု)မြို့နယ်မှ   စေတနာရှင်   အလှူရှင်များ၏ ပူးပေါင်းထည့်ဝင်မှုဖြင့်   စကုမြို့ ရပ်ကွက်သုံးခုမှ  အခြေခံလူတန်းစား   အိမ်ထောင်စုဝင်များအတွက် စားသောက်ကုန်များနှင့်   ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများနှင့်    နှာခေါင်းစည်းများ   လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီး များ၊ အလှူရှင်များက စကုမြို့  မြို့ပေါ်ရပ်ကွက်သုံးခုမှ အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၀၀ အတွက် တစ်အိမ်ထောင်လျှင်  ဆန်တစ်ပြည်၊    ကြက်သွန် ၂၅ ကျပ်သား၊   ဆီ ၃၀ ကျပ်သား၊  ကုလားပဲ ၃၀ ကျပ်သား၊  ဆား ၅၀ ကျပ်သားနှင့်  နှာခေါင်းစည်း ၁၀ ခုစီကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 


 ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စကုမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး  ဆေးဝါး ကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေး စကားပြောကြားကာ    အလှူငွေနှင့်    အာဟာရဖြည့် စားသောက်ဖွယ်ရာများကိုလည်း  လူနာတစ်ဦးချင်းထံ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့သည်။    

မောင်ညီညာ