ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် လိုအပ်သည့်လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ   ၁၇  


ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်    လျှပ်စစ်မီးရရှိရေးသည်    အဓိက ကျသဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ    မြင့်မားတိုးတက် လာစေရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို  တည်ငြိမ်ပြည့်ဝစွာ  ဖြန့်ဖြူးပေးနိုင်ရေး  အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

 


ယနေ့ နံနက်ပိုင်းက   ဖြူးမြို့နယ်  လျှပ်စစ်အင်ဂျင်နီယာရုံးနှင့်    ဇေယျဝတီမြို့နယ်  လျှပ်စစ်အင်ဂျင်နီယာရုံးများတွင်   တိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများ၊  ဒေသခံရပ်မိရပ်ဖများနှင့်  တွေ့ဆုံစဉ်   ပြည်ထောင်စု ဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

 


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက  တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊   ဓာတ်အားပျောက်ဆုံး မှုနှင့်   ဓာတ်အားပြတ်တောက်မှု  လျော့နည်းကျဆင်းရေး၊  ပြည်သူ လူထုအတွက်   အရည်အသွေးပြည့်ဝသည့်   လျှပ်စစ်ဓာတ်အားများ     ဖြန့်ဖြူးပေးနိုင်ရေး၊   လျှပ်စစ်ဓာတ်အားခကျသင့်ငွေများ  အပြည့်အဝ ကောက်ခံရရှိစေရေး ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာ ရေး တာဝန်ခံများမှ ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာ ဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်းလုပ်ငန်းများကိုလည်း    လုံခြုံရေးပြည့်ပြည့်ဝဝဖြင့်    တက်ညီလက်ညီ     ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ၎င်းအပြင် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက်  ပြည်သူလူထု၏   လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပြီး    အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး     ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင်   စေတနာထား၍   ဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားသည်။ 

 


ထို့နောက် ဒေသခံရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအား  တင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများနှင့်  ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး   မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများရှိ   မီးသုံးစွဲသူပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့နယ် စပါးကြွယ်ကျေးရွာအနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်  ကွပ်ကဲရေး ဦးစီးဌာနမှ  အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိသည့်  ၅၀၀ ကေဗွီအေ  စပါးကြွယ်ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းနှင့်  မိတ္ထီလာ-နေပြည်တော် - တောင်ငူ    မဟာဓာတ်အားလိုင်း    ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်      စီမံကိန်းလုပ်ငန်းခွင်သို့    ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ရရှိသည့်ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများ ကို   သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက် သွားရန်၊  လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊   လုပ်ငန်းခွင်သုံး ပစ္စည်းများ    စံချိန်စံညွှန်းပြည့်မီရေးနှင့်    လုံခြုံရေးတို့ကို    အထူး အလေးထား  ဆောင်ရွက်သွားရန် မှာကြားသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  စီမံကိန်းလုပ်ငန်းခွင် အတွင်း   ၅၀၀ ကေဗွီအေ စပါးကြွယ်ဓာတ်အားခွဲရုံ  တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ  ဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်း ကြိုးဆွဲခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


 သတင်းစဉ်