
အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာချက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လုံခြုံ၍စွမ်းရည်ပြည့်ဝသော အမျိုးသားငွေပေးချေမှု စနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ မိုဘိုင်းငွေပေးချေမှုများမှတစ်ဆင့် ငွေကြေးလွှဲပြောင်း ဝန်ဆောင်မှု လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ကြပြီဖြစ်ပါသည်။
သို့ရာတွင် မသမာသူများမှ အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ မိုဘိုင်းငွေပေးချေမှုအချို့အား အသုံးချ၍ မသမာသည့် နည်းလမ်းဖြင့် တရားမဝင် ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါ သည်။ ထိုသို့ ငွေကြေးလိမ်လည်မှုများကြောင့် အများပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် ဆက်သွယ် ဆောင်ရွက်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ အား မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းထားမှသာလျှင် ဖြေရှင်း ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါ သည်။
ထို့အပြင် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ဆောင်ရွက်ရသည့် အီလက်ထရောနစ်စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက် သူများအား ကောင်းစွာသိရှိခြင်း (Electronic – Know Your Customer (e-KYC)) လုပ်ငန်းစဉ်အား နိုင်ငံတကာစံနှုန်းများနှင့်အညီ မိုဘိုင်းငွေကြေး စာရင်းများတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်နှင့် ဆင်းမ်ကတ်နံပါတ်တို့အား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အီလက်ထရောနစ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ် (e-ID Database) နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ် (SIM Registration Database) များရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထို့ကြောင့် အသုံးပြုသူများအနေဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း (KYC) အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်သွားရန် လိုအပ်ပါသည်။ အချက်အလက်ဖြည့်သွင်းခြင်းအား သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့် မိုဘိုင်း ငွေကြေးစာရင်းများအား အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ် ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဘဏ်ဦးဆောင်မှုပုံစံဖြင့် ဆောင်ရွက် လျက်ရှိသည့် မိုဘိုင်းပေးဝန်ဆောင်မှုလုပ်ငန်းများ၊ မိုဘိုင်းဘဏ် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားသောဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင် မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုလုပ်ငန်းစသည့် မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများ အနေဖြင့် နီးစပ်ရာကိုယ်စားလှယ် (Agent) များ/ ဘဏ်များသို့ သွားရောက်၍ မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား အဆင့် ၂ (Level 2) အဆင့်သို့ အချိန်မီမြှင့်တင်ရန် လိုအပ်ကြောင်းနှင့် အဆင့် ၂ (Level 2) သို့ တိုးမြှင့်လိုခြင်းမရှိသော မိုဘိုင်းငွေကြေးစာရင်းပိုင်ရှင် များအနေဖြင့် မိမိတို့လက်ကျန်ငွေများအား အသုံးပြုနိုင်မည့် နည်းလမ်းများကို ဘဏ်များ၊ မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်ပါရန် အသိပေးအကြောင်း ကြားအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၁၆-၉-၂၀၂၂)