
နေပြည်တော် စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီ မြို့သစ်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်အာယုဒါနဆေးရုံတော်၌ တက်ရောက်ကုသခံယူ လျက်ရှိသော သံဃာတော်များနှင့် မျက်စိဝေဒနာရှင် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အဆိုပါ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံသည် ရွှေကျင်သာသနာပိုင်၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်များနှင့် ဆေးရုံတော်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိ ဿရ တည်ထောင်တော်မူသည့် ဆေးရုံတော် ၄၇ ခု အနက် ၄၀ မြောက် အာယုဒါနဆေးရုံတော်ဖြစ်ပြီး မျက်စိဝေဒနာရှင်များကို စက်တင်ဘာ ၁၂ ရက်မှ ၂၂ ရက်အထိ တစ်နေ့လျှင် ၁၀၀ ဖြင့် မျက်စိအထူးကု ဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သား ပါရဂူ၊ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများက မျက်စိစမ်းသပ်စစ်ဆေးပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိတိမ် များခြစ်ထုတ်ခြင်း၊ မျက်လုံးအစားထိုးကုသခြင်းများ ကို ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်