နေပြည်တော်သို့ ထိုင်းရုပ်သံမီဒီယာအဖွဲ့များလာရောက်၍ ရိုက်ကူးခဲ့သော မှတ်တမ်းတင်ဗီဒီယို “The Exclusive” Travel Note Show အား ထိုင်းရုပ်သံ Channel တွင် ထုတ်လွှင့်ပြသ

 

နေပြည်တော်   စက်တင်ဘာ   ၁၄  


ခရီးသွားလုပ်ငန်းသည်   နိုင်ငံ၏   စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက်  အထောက်အပံ့ဖြစ်စေသော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ    ဖန်တီးပေးနိုင်သော  ဆင့်ပွား အကျိုးသက်ရောက်မှုများ ရရှိနိုင်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့်   ခရီးသွား လုပ်ငန်း   ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၌ မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုနေရာများကို  ထုတ်လွှင့်ပြသ နိုင်ရန်   စီစဉ်ဆောင်ရွက်ခြင်း၊  ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍ မှန်ကန်သော သတင်းအချက်အလက် များကို ဖြန့်ဝေပေးခြင်း၊ မြန်မာနိုင်ငံ၏ ကောင်းမွန် သော ပုံရိပ်ကို မြှင့်တင်ခြင်းလုပ်ငန်းများကို အစဉ် တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 


ယခုအခါ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအားမြှင့်တင်ရန်နှင့် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ ခရီးသွား ဧည့်သည်များ       ပိုမိုလာရောက်လည်ပတ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ Sai Swe Co.,Ltd, ထိုင်းနိုင်ငံ ရှိ Best International Travels and Agency နှင့် ထိုင်းရုပ်သံ Channel များမှ ကိုယ်စားလှယ်များ သည် ဇူလိုင် ၃၁ ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့နှင့် နေပြည် တော်ရှိ အထင်ကရနေရာများသို့ သွားရောက်ကာ မှတ်တမ်းတင်ဗီဒီယိုများ ရိုက်ကူးခဲ့ကာ ထိုင်းနိုင်ငံရှိ ရုပ်သံ Channel တစ်ခုဖြစ်သော Channel 5 ရုပ်သံ လိုင်းတွင်    အပတ်စဉ်   စနေနေ့ည  ၉  နာရီတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

 


ထိုင်းနိုင်ငံမှ    မီဒီယာကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုဝန်ကြီး      ဒေါက်တာဌေးအောင်နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းဖြစ်ပေါ်တိုးတက်မှု၊   ခရီးသွားဧည့်သည်များအား ဖိတ်ခေါ် ရန်    ပြင်ဆင်ဆောင်ရွက်နေမှုကို   မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်အလွန်ကာလများတွင် ခရီးသွားလုပ်ငန်းများ    တဖြည်းဖြည်း   ပြန်လည် ကောင်းမွန်လာစေရေးအတွက်   တစ်ဦးကိုတစ်ဦး ကူညီဆောင်ရွက်ကြရန်   လိုအပ်ကြောင်းနှင့်  ထိုင်း နိုင်ငံမှ      ခရီးသွားဧည့်သည်များ     မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြရေး ပြောကြားခဲ့သည်။

 

 
ထိုင်းနိုင်ငံရှိ Best International Travels and Agency အနေဖြင့် ယင်းခရီးစဉ်သည် အထူးခရီးစဉ် တစ်ခုဖြစ်ပြီး      မြန်မာနိုင်ငံအကြောင်း      ပထမဆုံး အကြိမ်     ရိုက်ကူးထုတ်လွှင့်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါခရီးစဉ်မှတ်တမ်းတင်ဗီဒီယို “The Exclusive” Travel Note Show ကို ထိုင်းနိုင်ငံ Channel 5 ရုပ်သံ လိုင်းတွင် ထုတ်လွှင့်ပြသလျက်ရှိကာ ဆက်လက်၍ လည်း မန္တလေးနှင့် ပုဂံမြို့များသို့ သွားရောက်ကာ ခရီးသွားဆွဲဆောင်မှုနေရာများကို ရိုက်ကူးထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်