
နေပြည်တော် စက်တင်ဘာ ၁၄
ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အဖွင့်အမှာစကားပြောကြား
အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပရာ ကမ္ဘောဒီးယားဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Pan Sorasak က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနား မစတင်မီ ကမ္ဘောဒီးယားဝန်ကြီးချုပ်က အာဆီယံ စီးပွားရေးဝန်ကြီးများကို တွေ့ဆုံသည့် အခမ်းအနား သို့လည်း တက်ရောက်သည်။
ထို့နောက် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို ဆက်လက်ကျင်းပရာ (၃၆) ကြိမ်မြောက် လွတ်လပ်သောကုန်သွယ်မှု ဒေသကောင်စီအစည်း အဝေးကို နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည်။ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးပြီး ဒေသတွင်းကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေး ပိုမိုချဲ့ထွင်နိုင်ရန်အတွက် အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့် တင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် ကိစ္စရပ်များကို မှာကြားခဲ့သည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံပြတင်းတစ်ပေါက်စနစ်ကို ပြည့်ပြည့်ဝဝ အသုံးချ၍ အီလက်ထရွန်နစ်စနစ်ဖြင့် အကောက်ခွန် သက်သာခွင့်လျှောက်ထားသည့် ပင်ရင်းသက်သေခံ လက်မှတ်များ လဲလှယ်ရေးကိစ္စများအပေါ် ဝန်ကြီး များက တိုက်တွန်းမှာကြားသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအခြေ အနေ၊ နိုင်ငံအဆင့် အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ အစီအစဉ်ဆောင်ရွက်နေမှုနှင့် အကောက်ခွန်ပေါင်းစည်းမှုဆိုင်ရာ ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
အတည်ပြုခဲ့ကြ
ဆက်လက်၍ (၂၅) ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီအစည်းအဝေးကို ကျင်းပရာ ဝန်ကြီး များက အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးခဲ့ပြီး အာဆီယံရင်းနှီးမြှုပ်နှံမှု အစီရင် ခံစာ (၂၀၂၂) ထုတ်ဝေမှုအပေါ် ကြိုဆိုခဲ့ကြသည်။ ထို့ပြင် အဆင့်မြင့်စီးပွားရေးအရာရှိများက ဝန်ကြီး များထံ တင်ပြသည့် အစီရင်ခံစာနှင့် ၂၀၂၂ ခုနှစ် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ ကာလတွင်း ပြုလုပ်မည့် အာဆီယံရင်းနှီးမြှုပ်နှံမှုခရီး စဉ်အတွက် ကြိုတင်ပြင်ဆင်မှုများအပေါ် မှတ်တမ်း တင်ခဲ့ကြပြီး အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကဲဖြတ်သုံးသပ်မှုအစီရင်ခံစာ (၂၀၂၂) (ASEAN Investment Peer Review Report 2022) ကို အတည်ပြုခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများ ဖြေလျှော့ပေးရန် ပြင်ဆင်ဆောင်ရွက်မှုများနှင့် ကပ်ရောဂါအလွန် ဒေသတွင်း အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ပိုမိုပူးပေါင်းဆောင်ရွက်
မွန်းလွဲပိုင်းတွင် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေး အကြံပေးကောင်စီအဖွဲ့ဝင်များ ပါဝင်တက်ရောက် ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံစီးပွား ရေးအကြံပေးကောင်စီက ၂၀၂၂ ခုနှစ်အတွင်း ပုဂ္ဂလိက ကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ ဝန်ကြီး များက အနာဂတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တွင် ပုဂ္ဂလိကအခန်းကဏ္ဍက ပိုမို ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို ပြောကြားသည်။
ညနေပိုင်းတွင် (၅၄) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးများက ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူနေသည့် ၂၀၂၂ ခုနှစ် အတွင်း ပြီးစီးအောင်ဆောင်ရွက်လျက်ရှိသည့် စီးပွား ရေးဆိုင်ရာဦးစားပေးလုပ်ငန်းများ၏ အကောင် အထည်ဖော်မှုအခြေအနေများကို မှတ်တမ်းတင်ခဲ့ကြသည်။
ထို့နောက် ဝန်ကြီးများက ရေကြောင်းသယ်ယူ ပို့ဆောင်ရေးတွင် ကုန်သေတ္တာများသုံးစွဲရာ၌ စီမံ ခန့်ခွဲမှုတိုးတက်စေရေး လေ့လာမှု၏ရလဒ်များ အပေါ် မူဝါဒဆိုင်ရာအကြံပြုချက်များနှင့် လမ်းညွှန် ချက်များ ပေးခဲ့ကြသည်။ ထို့အပြင် ဝန်ကြီးများက ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံမူဘောင် သဘောတူ စာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်း ကြေညာသည်။ ပြည်ထောင်စုဝန်ကြီးက ကမ္ဘော ဒီးယားနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်း များ အကောင်အထည်ဖော်မှုအပေါ် မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသည်။
စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင်လည်း အာဆီယံစီးပွားရေးဝန်ကြီးများ၏ အလုပ်သဘော ညစာစားပွဲကို ကျင်းပခဲ့ပြီး နိုင်ငံအလိုက် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ဆောင်ရွက်လျက်ရှိသည့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင် အကောင်အထည် ဖော်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးများတွင် ကမ္ဘောဒီးယား နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Pan Sorasak၊ ဝန်ကြီးချုပ်ရုံးတွဲဖက်ဝန်ကြီး နှင့် ဖွံ့ဖြိုးမှုကောင်စီအတွင်းရေးမှူးချုပ် H.E. Sok Chenda Sophea၊ ဝန်ကြီးချုပ်ရုံးတွဲဖက်ဝန်ကြီးနှင့် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Vongsey Vissoth တို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွား ရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ် မှု ဒေသကောင်စီဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိများ၊ အာဆီယံ စီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်သည်။ ပြည်ထောင် စုဝန်ကြီးနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးသစ်လင်းအုန်း၊ အာဆီယံ အဆင့်မြင့်စီးပွားရေးအရာရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ဆက်လက်ကျင်းပမည်
(၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို စက်တင်ဘာ ၁၈ ရက်အထိ ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်