MRTV Logo အား ရယူအသုံးပြု ထုတ်လွှင့်လျက်ရှိသည့် Facebook Page အတုကိစ္စ အသိပေးထုတ်ပြန်ခြင်း

 

“ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက  အများ ပြည်သူအတွက်   ထုတ်လွှင့်ဝန်ဆောင်မှုပေးလျက်ရှိသည့်   MRTV  HD  နှင့် ဆက်စပ်ရုပ်သံလိုင်းများ၏ ရုပ်သံအစီအစဉ်များကို MRTV Media Application  တွင်    အကြောင်းအရာအလိုက်    ကဏ္ဍခွဲ ၁၁ ခုဖြင့် ထုတ်လွှင့်ဖော်ပြလျက်ရှိရာ အဆိုပါ MRTV Media Application ၏ Logo ကို profile ပုံအဖြစ်လည်းကောင်း၊  MRTV  ၏  logo အဟောင်းကို Cover photo အဖြစ် လည်းကောင်း ရယူတုပအသုံးပြု၍    “Myanmar   Radio  and Television” အမည် Facebook Page ဖြင့် ညစ်ညမ်း ပစ္စည်းများရောင်းချနေမှုကို စိစစ်တွေ့ရှိရပါသည်။

 


ထိုကဲ့သို့    မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏   အမည်နှင့်    Logo များကို   အလွဲသုံးစားပြု၍   ကိုယ်ကျိုးရှာဆောင်ရွက်လျက်ရှိသည့် Facebook Page အတုအပါအဝင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ အမည် Logo နှင့် ပုံရိပ်များကို ဆင်တူယိုးမှား တုပအသုံးပြုမှုများအား တည်ဆဲဥပဒေများနှင့်အညီ  ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံလိုင်း များမှ  ထုတ်လွှင့်လျက်ရှိသည့်  ရုပ်သံအစီအစဉ်များအား  MRTV ၏ ဝက်ဘ်ဆိုက်လိပ်စာများဖြစ်သည့် www.mrtv.gov.mm နှင့် www.mrtv-media.com တို့မှ လည်းကောင်း    MRTV  media  application   မှ လည်းကောင်း၊ MRTV twitter နှင့် MRTV telegram စသည့် လူမှု ကွန်ရက်စာမျက်နှာများမှလည်းကောင်း    ကဏ္ဍစုံစွာဖြင့်   သီးခြားစီ လွှင့်တင်ထားသဖြင့် အများပြည်သူအနေဖြင့် အလွယ်တကူ ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်း ရှင်းလင်းထုတ်ပြန်အပ်ပါသည်။”


မြန်မာ့အသံနှင့်ရုပ်မြင်သံကြား