
ရန်ကုန် စက်တင်ဘာ ၁၀
ကြက်သွန်နီဈေးနှုန်းများ အဆမတန် မြင့်တက် နေပြီး လက်လီဈေးကွက်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ဝန်းကျင်အထိ မြင့်တက်နေကြောင်း စားဖိုဆောင်ဈေးကွက် တွင်းမှ သိရသည်။
‘‘ကြက်သွန်နီက ဇူလိုင်လကုန်ပြီးကတည်း က တက်မယ်လို့ပြောနေတာ။ ပြီးခဲ့တဲ့ အပတ်ကတောင် ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၂၈၀၀ နဲ့ ဝယ်ခဲ့သေးတယ်။ အခု ရက်ပိုင်းမှာပဲ ဈေးက ပိုထိုးတက်သွားတယ်။ တစ်ပိဿာငွေကျပ် ၃၅၀၀ ကျော်အထိ ဖြစ်သွားပြီ။ ဒါတောင် အလုံးမကြီးဘူး။ အရည်အသွေး သိပ်ကောင်းတာမျိုး မဟုတ်ပါ ဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်မှ အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခိုင် ခိုင်လင်းက စက်တင်ဘာ ၉ ရက်က ပြောသည်။
ကြက်သွန်နီဈေးနှုန်းများမှာ ယခင်နှစ် ကြက်သွန်နီရာသီချိန်များကထက် အဆ များစွာ မြင့်တက်နေခြင်းဖြစ်ပြီး ဈေးနှုန်း ကျဆင်းမည့်အနေအထားလည်း မတွေ့ရ ကြောင်း ကြက်သွန်နီလက်ကားဒိုင်များထံမှ သိရသည်။
‘‘အခုလို ဈေးတွေတက်လာတော့ တောင်သူ တွေအတွက်တော့ အရင် နှစ်နှစ်အတွင်း ရှုံးခဲ့ သမျှကို ကာမိသွားတာမျိုးတော့ ရှိနိုင်ပါတယ်။ ဈေးကျမယ့်အနေအထားတော့ မမြင်ပါဘူး။ စက်တင်ဘာလထဲမှာ ပိုတောင် ဈေးတက်ဖို့ ရှိတယ်လို့ ကြားနေရပါတယ်”ဟု ကြက်သွန်နီ စီးပွားဖြစ် စိုက်ပျိုးသူ ဦးနေမျိုးက ပြောသည်။
၂၀၁၉ ခုနှစ် ကြက်သွန်နီရာသီချိန်ကလည်း ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး အမြင့် ဆုံးဈေး တစ်ပိဿာလျှင် ကျပ် ၃၇၀၀ အထိ မြင့်တက်ခဲ့ဖူးကြောင်း သိရသည်။
နန်းထက်ထက်ချစ်