
ရန်ကုန် စက်တင်ဘာ ၁၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးကိုကိုသည် မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့ဝင်များအား ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာအထက်တန်းကျောင်း(ရန်ကုန်) ၌ တွေ့ဆုံသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က မတ်လတွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ အကြိမ် (၇၀)မြောက် မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာ့ပြက္ခဒိန် ပညာ ရပ်ဆိုင်ရာဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်ရေးကို ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါသင်တန်းကို တစ်နှစ် ဖွင့်လှစ်ရာမှ တစ်နှစ်ခွဲ တိုးချဲ့သတ်မှတ် နိုင်ရေး၊ နက်နဲသည့် ပညာရပ်ဖြစ်သည့်အတွက် ရေးဖြေနှုတ်ဖြေအပါအဝင် ဝင်ခွင့်အရည်အချင်း သတ်မှတ်နိုင်ရေး၊ အရည်အသွေးပြည့်ဝပြီး အာမခံ ချက်ပေးနိုင်သည့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြဋ္ဌာန်း နိုင်ရေး၊ ဘွဲ့ယူစာတမ်းများ ရေးသားပြုစု၍ စစ်ဆေး နိုင်ရေး အစရှိသည်တို့ကို ဆွေးနွေးဆောင်ရွက်ရန် အတွက် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အနုပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က သင်တန်းဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များ ကို လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းနှင့် ပြဋ္ဌာန်း စာအုပ်များ ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ကောင်း၊ မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ အဖွဲ့ဝင် သဒ္ဓမ္မဇောတိကဓဇ ဦးရန်နိုင်သိန်းက နှစ်အလိုက် သင်ကြားမည့် ဘာသာရပ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာ သူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဦးပညိန္ဒက လိုအပ်သည်များကို မိန့်ကြားခဲ့ ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို သည် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရန်ကုန်ရုံးခွဲအစည်းအဝေး ခန်းမ၌ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)နာယကကြီးများ ပါဝင်သော အမှုဆောင်အဖွဲ့ဝင်များ နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ဗဟို) အမှုဆောင် သက်တမ်းကုန်ဆုံးပြီးဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကန့်သတ်ချက်အရ သင်းလုံးကျွတ်ညီလာခံခေါ်ယူရန် အခက်အခဲရှိသောကြောင့် မျက်နှာစုံညီအစည်း အဝေးကျင်းပ၍ အမှုဆောင်အသစ် ပြန်လည် ရွေးချယ်ရန် လိုအပ်ပါကြောင်း၊ အမှုဆောင်ပြန်လည် ရွေးချယ်ရာတွင် ဝါရင့်၊ သမ္ဘာရင့် နာယကကြီးများ၏ အကြံဉာဏ်ကိုရယူလိုပါကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့် လိုအပ်သည်များကို တတ်နိုင်သမျှ ကူညီပံ့ပိုးသွား မည်ဖြစ်ပြီး အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ရန် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ နိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို) နာယကကြီး များ၊ ယာယီဥက္ကဋ္ဌ /နိုင်ငံတကာ ဆက်ဆံရေးမှူး ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို)၏ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင် လက်မှတ်လဲလှယ်ခြင်း/သက်တမ်းတိုး လျှောက်ထား ခြင်း၊ ပန်းချီပန်းပုအစည်းအရုံး တိုးတက်စေရေး အတွက် ပြပွဲကျင်းပခြင်း၊ ပန်းချီပန်းပု ပညာရှင်များ သာမက ပန်း (၁၀) မျိုးပညာရှင်များ ပါဝင်သော အလွှာစုံရွေးချယ် ဖွဲ့စည်းခြင်းနှင့် ပန်းချီပန်းပု အစည်းအရုံး(ဗဟို) နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်