
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
Ulan-Ude မြို့ရှိ ရုရှားသိပ္ပံအကယ်ဒမီ၊ မွန်ဂို၊ တိဘက်နှင့် ဗုဒ္ဓဘာသာ လေ့လာရေးအင်စတီကျူ့ ဆိုက်ဘေးရီးယားဌာနခွဲ၊
နျူကလီးယားဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာဌာနနှင့် ရထားစက်ခေါင်း ပြင်ဆင်ရေးအလုပ်ရုံတို့သို့ သွားရောက်ကြည့်ရှုလေ့လာ
နေပြည်တော် စက်တင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဝင်များသည် Republic of Buryatia ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက် ပိုင်းတွင် Ulan-Ude မြို့ရှိ ရုရှားသိပ္ပံအကယ်ဒမီ၊ နျူကလီးယားဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာ ဌာနနှင့် ရထားစက်ခေါင်း ပြင်ဆင်ရေးအလုပ်ရုံတို့သို့ သွားရောက်ကြည့်ရှုလေ့လာသည်။
မှတ်တမ်းဓာတ်ပုံရိုက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Ulan-Ude မြို့ရှိ ဆိုဗီယက်ရင်ပြင်သို့ ရောက်ရှိလေ့လာကြရာ Buryatia ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲက ရှင်းလင်းပြောကြားခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု ၏ သမိုင်းဝင်အမျိုးသားခေါင်းဆောင်ကြီး လီနင်၏ ဦးခေါင်းပုံရုပ်တုရှေ့တွင် မှတ်တမ်းဓာတ်ပုံရိုက်ကြ သည်။
ကြိုဆိုနှုတ်ဆက်
ထို့နောက် ရုရှားသိပ္ပံအကယ်ဒမီ၊ မွန်ဂို၊ တိဘက် နှင့် ဗုဒ္ဓဘာသာ လေ့လာရေးအင်စတီကျူ့ ဆိုက်ဘေး ရီးယားဌာနခွဲသို့ ရောက်ရှိကြရာ အကယ်ဒမီမှ Director ဖြစ်သူ Mr.Bazarov Bois Vandanovich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အကယ်ဒမီအတွင်း လှည့်လည်၍ ရှေးဟောင်း ဘာသာစာပေယဉ်ကျေးမှုအနုပညာများ၊ ပန်းချီများ၊ တိဘက်လက်ရေးမူဖြင့် ရေးသားထား သည့် ဗုဒ္ဓမြတ်စွာဘုရား၏ ပိဋကတ်သုံးပုံတော်လာ အဆုံးအမ ကျမ်းစာများ၊ ရှေးဟောင်းနက္ခတ္တ ဗေဒဆိုင်ရာ ကျမ်းများ၊ တိဘက်၊ မွန်ဂိုဘာသာစကားများ၏ အဆင့်ဆင့် ပြောင်းလဲမှုကို မှတ်တမ်းတင်ထားသည့် စာပေများ၊ မြန်မာနိုင်ငံမှ ရရှိထားသည့် ထန်းပုရပိုက် အပါအဝင် အခြားသော ရှေးဟောင်းပုရပိုက်စာပေများကို စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့အား လိုက်လံ ရှင်းလင်းပြသကြသည်။ ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စိတ်ပါဝင်စားစွာဖြင့် လေ့လာခဲ့ပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးကာ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နျူကလီးယားဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာ ရောဂါ ကုသမှုဌာနသို့ ရောက်ရှိကြရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေး ဝန်ကြီး Ms. Ludupova Evgenya နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြပြီး အဏုမြူရောင် ခြည်ဖြင့် ရောဂါရှာဖွေခြင်းနှင့် ဆေးကုသခြင်း ဆောင်ရွက်နိုင်မှု အခြေအနေများ၊ စက်ကိရိယာများ၏ အသုံးပြုနိုင်မှု စွမ်းဆောင်ရည်များကို လိုက်လံ ရှင်းလင်းပြသသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြား သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။
အမှတ်တရဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် Ulan-Ude မြို့ ရထားပြင်ဆင်ရေးအလုပ်ရုံသို့ ရောက်ရှိကြရာ Republic of Buryatia ပြည်နယ် အစိုးရအဖွဲ့မှ ပို့ဆောင်ရေးဝန်ကြီး Mr. Olovyannikov Aleksei က အလုပ်ရုံအတွင်း၌ ဆောင်ရွက်လျက် ရှိသည့် မီးရထားခေါင်းတွဲအမျိုးအစား အမျိုးမျိုး ကို ထုတ်လုပ်ပြင်ဆင်နိုင်မှုနှင့် စက်ခေါင်းများ၏ စွမ်းဆောင်နိုင်မှုများ၊ အင်ဂျင်ပိုင်းဆိုင်ရာ တပ်ဆင် ရေး လုပ်ဆောင်နေမှုများ၊ ဆက်စပ်ပစ္စည်းများ တပ်ဆင်ရေး ဆောင်ရွက်နေမှုများကို လိုက်လံ ရှင်းလင်းပြသသည်။ ရှင်းလင်းပြသမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး အလုပ်ရုံရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်