
နေပြည်တော် စက်တင်ဘာ ၉
မြန်မာ-ဒူဘိုင်း နှစ်နိုင်ငံရဲအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူကုန်ကူးသူ တရားခံ အား ဖမ်းဆီးလွှဲပြောင်းပေးပြီး လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး ခုနစ်ဦးကို ကယ်တင်၍ မြန်မာနိုင်ငံသို့ ခေါ်ယူပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် သတင်းများအရ အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့် နေထိုင်သည့် မြန်မာနိုင်ငံသား အဖွဲ့တစ်ဖွဲ့သည် “ဒူဘိုင်းတွင် လစာကောင်းကောင်းနှင့် အလုပ်ရမည်” ဟု မက်လုံးပေးစည်းရုံးကာ မြန်မာနိုင်ငံသားအမျိုးသမီးငယ်များကိုခေါ်ယူ၍ ဒူဘိုင်းသို့ ရောက်ရှိသည့်အခါ “အီရန်၊ အီရတ်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ၊ ယီမင်၊ ဂျော်ဒန် နှင့် အိုမန်” နိုင်ငံများသို့ အတင်း အကျပ် စေလွှတ်ရောင်းစားမှုများ ပြုလုပ်နေကြောင်း သိရှိရသည့် အတွက် ဩဂုတ်လဆန်းမှ စတင် ကာ လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့သည်။
တစ်လကျော်ပိတ်လှောင်ထား
ဩဂုတ် ၂၅ ရက်တွင် မြန်မာ အမျိုးသမီး အဖွဲ့တစ်ဖွဲ့က Facebook လူမှုကွန်ရက် စာမျက်နှာတွင် Live လွှင့်၍ “၎င်းတို့ခုနစ်ဦး ဒူဘိုင်းတွင် ဒုက္ခရောက်နေကြောင်း၊ မမေဖုန်း (ခ) မထက်ထက် (ခ) မကေသီမြင့် က ဒူဘိုင်းတွင် အိမ်အကူ အလုပ် ရမည်၊ လစာကောင်းမည်ပြော၍ ခေါ်ယူခဲ့ရာ သုံးလကျော်ကြာသည် အထိ အလုပ်မရသေးကြောင်း၊ ဒူဘိုင်းမြို့ အမည်မသိနေရာရှိ အခန်းကျဉ်းတစ်ခုတွင် ၎င်းတို့ ခုနစ်ဦးကို တစ်လကျော် ပိတ် လှောင်ထားကြောင်း၊ ဒူဘိုင်းရောက် ရှိသည်မှစ၍ ၎င်းတို့၏ ပတ်စပို့ အားလုံးကိုလည်း မကေသီမြင့်က သိမ်းယူထားကြောင်း၊ ပိတ်လှောင် ထားစဉ် တစ်ရက် ထမင်းတစ်နပ် သာ ပဲဟင်းရည်ကျဲဖြင့်ကျွေး ကြောင်း၊ ယခုအခါ ၎င်းတို့အား အီရတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ် ကြောင်း၊ အီရတ်တွင် အလုပ်လုပ် ရမည်ဟုပြောကြောင်း၊ အီရတ် မသွားလိုပါက မြန်မာငွေကျပ် သိန်းတစ်ရာပေးရမည်ဟု ခြိမ်း ခြောက်တောင်းဆိုကြောင်း၊ ၎င်း တို့ ခုနစ်ဦးသည် ပိတ်လှောင်ထား သည့် အခန်းကျဉ်းကိုဖျက်၍ ထွက်ပြေးလာပြီး ယခုအခါ မြန်မာ နိုင်ငံသားတစ်ဦး၏ အကူအညီဖြင့် လမ်းဘေး အခန်းကျဉ်းတစ်ခုကို ၁၀ ရက်စာ အခပေး၍ငှားနေရ ကြောင်း၊ ၎င်းတို့တွင် စားစရာမရှိ၊ သွားစရာမရှိ မကေသီမြင့်က ထပ်မံ၍ ဒုက္ခပေးမည်ကိုလည်း ကြောက်ရွံ့၍ ပုန်းအောင်းနေရ ကြောင်း၊ ယခု Live ကို တွေ့ရှိသူ များအနေဖြင့် ကူညီပေးကြပါရန်” ဟု ငိုကြွေး၍ အကူအညီ တောင်းခံ မှုကို တွေ့ရှိခဲ့ရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန် ရှိသူများသည် အဆိုပါ Live လွှင့်တင်ထားမှုကို တွေ့ရှိသည့် ဩဂုတ် ၂၅ ရက် ည ၆ နာရီမှ စတင်ကာ Facebook Live ၏ အရင်းအမြစ်ကို ရှာဖွေခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် အင်တာနက် မှ ရှာဖွေစိစစ်ဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၆ ရက် ည ၇ နာရီ ၂၅ မိနစ်တွင် ဒူဘိုင်း တွင် ဒုက္ခရောက်နေသော မြန်မာ အမျိုးသမီး ခုနစ်ဦးနှင့် Messenger မှ ဆက်သွယ်မှု စတင်ရရှိခဲ့သည်။ ၎င်းတို့ ခုနစ်ဦး ဒူဘိုင်းတွင် ခိုအောင်းနေသည့် နေရာကို မေးမြန်းရာတွင်လည်း မသိရှိ သဖြင့် Google Map ဖြင့် ရှာဖွေ စိစစ်နိုင်ရေးတယ်လီဖုန်းမှ ပြုလုပ် နည်းပြောပြ၍ ဆောင်ရွက်စေခဲ့ ရာ ယင်းနေ့ ည ၈ နာရီတွင် ၎င်းတို့ခုနစ်ဦး ခိုအောင်းသည့် နေရာကို သိရှိခဲ့ရသည်။
တရားမဝင်အလုပ်အကိုင်ရှာပေး
၎င်းတို့ ခုနစ်ဦး၏ ဖြစ်စဉ် အသေးစိတ်ကို အွန်လိုင်းမှ တစ်ဆင့် မေးမြန်းစိစစ်ရာ တရားခံ ကေသီ မြင့်သည် မြန်မာနိုင်ငံသား အမျိုး သမီးများကို ပြည်ပနိုင်ငံများသို့ စည်းရုံးခေါ်ယူ၍ တရားမဝင် အလုပ်အကိုင် ရှာပေးခြင်း၊ တတိယနိုင်ငံများသို့ ထပ်မံပို့ ဆောင် ရောင်းစားခြင်း၊ ၎င်းစီစဉ် မှုကို လက်မခံလျှင် ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ လျော်ကြေးငွေ တောင်းခံခြင်း၊ အလုပ်ရလျှင် လည်း သုံးလစာ၊ ခြောက်လစာ ဖြတ်ယူခြင်းများ ပြုလုပ်လျက်ရှိ ကြောင်း စုံစမ်းရရှိသဖြင့် ၎င်း ကျူးလွန်သော ပြစ်မှုများအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့မရဲစခန်းတွင် အမှုဖွင့်ကာ အသေးစိတ် စုံစမ်းစစ်ဆေးခြင်း များ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု ရှိ ဒူဘိုင်းရဲဌာနချုပ်နှင့် အမျိုးသမီး ခုနစ်ဦး ခိုအောင်းနေသည့် နယ်မြေရှိ ဒူဘိုင်းမြို့ Naif ရဲစခန်း သို့ အကြောင်းကြားခြင်း၊ အင်တာ ပိုလ်ရဲအဖွဲ့သို့ သတင်းဖလှယ် ဆက်သွယ်ခြင်းများကို တစ်ဆက် တည်းဆောင်ရွက်ခဲ့သည်။ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ သတင်းဖလှယ် အကူအညီတောင်းခံမှုအရ မြန်မာ နိုင်ငံသား လူကုန်ကူးခံရသူ အမျိုး သမီးခုနစ်ဦးအား ဩဂုတ် ၂၆ ရက် တွင် ဒူဘိုင်းရဲအဖွဲ့၏ စီစဉ်ပေးမှု ဖြင့် လုံခြုံစိတ်ချရသည့် ဒူဘိုင်းအမျိုးသမီးစောင့်ရှောက်ရေး ဂေဟာ သို့ ပို့ဆောင်စောင့်ရှောက်ထားရှိ နိုင်ခဲ့သည်။
ဖမ်းဆီးနိုင်ခဲ့
သတင်းကွင်းဆက်များ ဆက် လက်ဖော်ထုတ်မှုအရ မြန်မာ အမျိုးသမီးများကို စည်းရုံးခေါ်ယူ ၍ ဒူဘိုင်းရှိ ကေသီမြင့်ထံသို့ ပို့ဆောင်ပေးနေသော မြန်မာနိုင်ငံ မှ မီးမီး (ခ) နော်သောစေး အား ဩဂုတ် ၂၆ ရက်တွင်လည်းကောင်း၊ မဆွေဆွေမြင့် (ခ) အသေးလေး အား ဩဂုတ် ၂၉ ရက်တွင် လည်း ကောင်း တာမွေမြို့မရဲစခန်းမှ ဖမ်းဆီးနိုင်ခဲ့သည်။
ရရှိသည့် သတင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒူဘိုင်း ရဲဌာနချုပ်နှင့် အင်တာပိုလ် NCB (အဘူဒါဘီ) သို့ အချိန်နှင့်တစ်ပြေး ညီ သတင်းဖလှယ်ပေးပြီး ချိတ် ဆက် ပူးပေါင်းဆောင်ရွက်ခဲ့ရာ သတင်းရရှိသည်မှ ၂၄ နာရီ အတွင်းဖြစ်သည့် ဩဂုတ် ၃၀ ရက် ၌ တရားခံကေသီမြင့်အား ဒူဘိုင်း ရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင် ခဲ့ပြီး ကေသီမြင့်သည် လူကုန်ကူးမှု ကျူးလွန်သည့် တရားခံပြေးဖြစ် ကြောင်း ဩဂုတ် ၃၁ ရက်တွင် အင်တာပိုလ်က Red Notice ထုတ်ပြန်နိုင်ခဲ့သည်။
နိုင်ငံတော်မှစရိတ်ကျခံခေါ်ယူ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အင်တာပိုလ်ရဲအဖွဲ့၊ ဒူဘိုင်းရဲအဖွဲ့ ဌာနချုပ် အင်တာပိုလ် (အဘူဒါဘီ)တို့နှင့် ချိတ်ဆက်ပူးပေါင်းဆောင် ရွက်မှုဖြင့်လည်းကောင်း၊ ဆော်ဒီ အာရေဗျနိုင်ငံ ရိယာဒ်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးမှ ကိုယ်စားလှယ်၏ ကူညီပေးမှုဖြင့် လည်းကောင်း လူကုန်ကူးသူ တရားခံကေသီမြင့်နှင့် လူကုန် ကူးခံရသည့် မြန်မာအမျိုးသမီး ငယ် ခုနစ်ဦးတို့အား နိုင်ငံတော်မှ စရိတ်ကျခံမှုဖြင့် ခေါ်ယူခဲ့ရာ စက်တင်ဘာ ၈ ရက်တွင် မြန်မာ အမျိုးသား လေကြောင်းလိုင်း UB-9502 ဖြင့် ဒူဘိုင်းမှ ဒေသ စံတော်ချိန် ည ၉ နာရီတွင် ထွက်ခွာ ခဲ့ရာ မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့နံနက် ၄ နာရီခွဲတွင် ပြန်လည်ရောက်ရှိခဲ့ပြီး ၎င်းတို့ အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
တရားခံ ကေသီမြင့်သည် ၂၀၂၁ ခုနှစ် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသား အမျိုးသမီးများ စွာကို ဒူဘိုင်းသို့ခေါ်ယူ၍ တရား မဝင်အလုပ်အကိုင် ရှာဖွေပေးမှု များ ဆောင်ရွက်ခြင်း၊ တတိယ နိုင်ငံများသို့ ခြိမ်းခြောက်စေလွှတ် ရောင်းစားခြင်း၊ လျော်ကြေးငွေနှင့် လုပ်ခလစာများ ခေါင်းပုံဖြတ်ရယူ ခြင်းတို့ဖြင့် လူကုန်ကူးပြစ်မှု ကျူးလွန်နေသူဖြစ်၍ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ၎င်းနှင့် ဆက်စပ်ပူးပေါင်းကာ လူကုန် ကူးမှု ကျူးလွန်သူများ၊ အားပေး ကူညီသူများ၊ တရားမဝင်အလုပ် အကိုင် ရှာဖွေဆောင်ရွက်ပေးနေ သည့်အဖွဲ့များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဆက်လက် စုံစမ်း ဖော်ထုတ်လျက်ရှိသည်။
စနစ်တကျအပ်နှံပေးမည်
ယခုအခါ ဒူဘိုင်းတွင် လူကုန် ကူးခံရ၍ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသူ အမျိုးသမီး ခုနစ်ဦး အား ကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး ကောင်း မွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားရှိကာ ၎င်းတို့ ခုနစ်ဦးအား အမှုနှင့်ပတ်သက်သည့် လိုအပ် သည့် မေးမြန်းမှုများဆောင်ရွက် ပြီးပါက မိဘဆွေမျိုးများထံ စနစ် တကျ အပ်နှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်