
နေပြည်တော် စက်တင်ဘာ ၇
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ်(၁၈)ပွဲဖြင့် စက်တင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အပတ်စဉ် သောကြာနေ့ညများတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးပြသမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ်ထပ်ဆင့် အကယ်ဒမီ ချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့် တေးသံရှင်ခိုင်ဝါ တို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာ့အသံတေးဂီတ အဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/တေးသံရှင်များ ဖြစ်ကြသည့် ဝေလျှံနဲ့ သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ် တင်ဆက်သူများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။
ပြိုင်ပွဲ၏ ပထမဆင့် (Level -1) အုပ်စု(က)ပွဲစဉ် (၂)ကို စက်တင်ဘာ ၉ ရက်နေ့ သောကြာနေ့ ညတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ကယားပြည်နယ်မှ ထက်ထက်ဝေ၊ ဧရာဝတီတိုင်းဒေသကြီးမှ လှလှမိုး၊ မကွေးတိုင်းဒေသကြီးမှ လပြည့်ထွန်း၊ နေပြည်တော်မှ နုဝင်းအေး၊ ကရင်ပြည်နယ်မှ ချမ်းလေး၊ ပဲခူးတိုင်း ဒေသကြီးမှ လျှမ်းထက်ကို၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဇင်လေး၊ မန္တလေးတိုင်းဒေသကြီးမှ အောင်သက်ပိုင် မှူးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ စုစုထွေး၊ စုစုပေါင်းပြိုင်ပွဲဝင် ကိုးဦးတို့၏ စိတ်ကြိုက် တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြပုံများကို ယင်းနေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV- HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်