
စည်းလုံးကြပါအနုပညာဖြင့်
ကြေးကြိုးသားရေ၊ လေလက်ခုပ်ဟု
သရုပ်အမှန် ၊ မြန်မာ့ဟန်ကို
ဌာန်မာန်အပြည့် ၊ တိတိကျကျ
လှပကြော့ရှင်း ၊ အဆင်းတင့်တယ်
ရင်ဝယ်သိမ်းပိုက်
စရိုက်မညှိုး ၊ ဂုဏ်ရည်တိုးအောင်
တစ်မျိုးဖော်ထုတ် ၊ ပြသရုပ်နှင့်
စိုက်ထုတ်လုံ့လ ၊ ပြုခဲ့ကြသည်
မြန်မာ့ရိုးရာအနုပညာ...။
ဆိုဟန်စည်းဝါး ၊ ခေါင်း ခါး လက် ခြေ
ညီညွတ်စေလျက် ၊ ဤလေးချက်ဖြင့်
ကကွက်ကဟန် ၊ သရုပ်မှန်ကို
ထုတ်ပြန်ဖော်ကျူး ၊ တို့ကြည်နူးကြ
ဆို၊ က၊ ရေး၊ တီး ၊ သည်ခရီးဝယ်
ပေါင်းစည်းညီထား ၊ တိုင်းရင်းဖွားတို့
မိသားစုစိတ် ၊ ပြည့်သိပ်မပြတ်
ရစ်ပတ်နှလုံး ၊ မေတ္တာမှုန်း၍
သီကုံးတေးသံ ၊ ငြိမ့်ငြိမ့်လျှံစေ
မျှဝေခံစား ၊ ညီညွတ်အားကို
စံထား လှစ်ကျူးကြပါစို့။
-ဂီတပညာ
လေ့လာလိုက်စား ၊ စိတ်ခွန်အားဖြင့်
တိုင်းကားပြည်ရွာ စည်ပင်သာအောင်
ညီညာစည်းလုံးကြပါစို့...။
(မကြာမီကျင်းပတော့မည့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီး အတွက် ပညာရှင်ရွေးပွဲကျင်းပနေကြသော တိုင်း ခရိုင်အဆင့် အနုပညာရှင်များအား ဂုဏ်ပြုလျက်-)
ဘိုမျိုး(ရွှေဘို)