
ရန်ကုန် စက်တင်ဘာ ၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ဘေးအန္တရာယ် ကင်းရှင်း ဝန်ဆောင်မှုကောင်းသော YBS စနစ်ဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ YBS ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူ များအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့မွန်းလွဲ ၃ နာရီက ဆူးလေမှတ် (မြို့တော်ခန်းမရှေ့) နှင့် လေးထောင့်ကန် လမ်းမကြီး (စံပြစျေးမှတ်တိုင်) တို့၌ ဆောင်ရွက်သည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့်အဖွဲ့က ဆူးလေမှတ်တိုင် (မြို့တော်ခန်းမရှေ့) ၌ နှာခေါင်းစည်း ၅၀၀၀ နှင့် လေးထောင့်ကန်လမ်းမ ကြီး(စံပြစျေးမှတ်တိုင်) ၌ နှာခေါင်းစည်း ၅၀၀၀ အခမဲ့ဖြန့်ဝေပေးသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ရက်လျှင် YBS ယာဉ်လိုင်း ၁၁၆ လိုင်း၊ ယာဉ်စီးရေ ၃၂၅၀ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိရာ တစ်ရက်လျှင် လိုက်ပါစီးနင်းကြသည့် ခရီးသည်ဦးရေမှာ ၁၃ သိန်း ဝန်းကျင်အထိရှိကြောင်း သိရသည်။
အာကာလင်း