ရုရှားနိုင်ငံ၌ ကျင်းပသည့် International Army Games-2022 ပြိုင်ပွဲဝင် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၁


ရုရှားဖက်ဒရေးရှင်းနိုင်ငံ    မော်စကိုမြို့၌     ကျင်းပ သည့် International Army Games- 2022 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော   မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည်      ယနေ့      နံနက်ပိုင်းတွင်     နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာရာ ညှိနှိုင်း ကွပ်ကဲရေးမှူး   (ကြည်း၊ ရေ၊ လေ)    ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊  စစ်ရေးချုပ်  ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်  တိုင်းစစ် ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်   ဇော်ဟိန်းနှင့်   တာဝန်ရှိ သူများ၊ အရာရှိ/စစ်သည်၊ မိသားစုများက   လေဆိပ်၌ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

 


အဆိုပါ  International Army Games- 2022 ကို နိုင်ငံပေါင်း  ၃၇  နိုင်ငံမှ   ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရုရှားနိုင်ငံအပါအဝင် ၁၂ နိုင်ငံ၌ ပြိုင်ပွဲများ ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် တင့်ကား စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့  စွမ်းရည်ပြိုင်ပွဲ၊   လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ၊    ရိုးရာ ယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ၊ Emergency Area   ပြိုင်ပွဲ၊  တတိယအကြိမ်မြောက်   နိုင်ငံတကာ  ဗိုလ်လောင်း များ အားကစားပြိုင်ပွဲ (3rd CISM World Cadet Games)များကို  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ 

 


ထိုသို့ ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့ဝင်များသည် တင့်ကားမောင်းနှင်ပစ်ခတ် ခြင်းပြိုင်ပွဲ Tank Biathlon (Division-2)၌ ပြိုင်ပွဲဝင် အသင်း ၁၁ သင်းတွင် အဆင့် ၁ နေရာ၌လည်းကောင်း၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း  ၁၆ သင်းအနက် အဆင့်  ၄ နေရာတွင်လည်းကောင်း၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ပြိုင်ပွဲ ဝင်အသင်း ၇ သင်းအနက် အဆင့်  ၄ နေရာတွင်လည်း ကောင်း၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲတွင် ပြိုင်ပွဲ ဝင်အသင်း ၁၇ သင်းအနက် အဆင့် ၇ နေရာတွင် လည်းကောင်း၊  Emergency Area ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံ ၆ နိုင်ငံအနက် အဆင့် ၄ နေရာတွင် လည်းကောင်း၊   တတိယကြိမ်မြောက်   နိုင်ငံတကာ ဗိုလ်လောင်းများအားကစားပြိုင်ပွဲ ( 3rd CISM World Cadet Games)တွင် ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၂၀ နိုင်ငံ အနက် နိုင်ငံအလိုက် အဆင့် ၈ နေရာတွင်လည်း ကောင်း အသီးသီးရပ်တည်နိုင်ခဲ့အောင် စွမ်းဆောင် နိုင်ခဲ့ကြသည်။

 


မြန်မာတပ်မတော်      တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲများတွင် နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ၏   ပြိုင်ပွဲ ယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့်  ချစ်ကြည်ရင်းနှီးမှုများ  ရရှိ အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းနှင့် လာမည့်နှစ်များ တွင်လည်း ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။


သတင်းစဉ်