
ရန်ကုန် ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဩဂုတ် ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ တရုတ်နိုင်ငံထုတ် 6yl-8Q ဆီကြိတ်စက် နှစ်လုံးဖြင့် နေကြာဆီ စမ်းသပ်ထုတ်လုပ်နေ သည့် ဒေါပုံမြို့နယ် စက်ရုံလမ်းရှိ ကတ္တရာကွန်ကရစ်ဖျော်စက်နှင့် ဘိလပ်မြေ ကွန်ကရစ်ဖျော်စက်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော် ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူ တို့က နေကြာဆီစမ်းသပ် ထုတ်လုပ်နေမှုများကို ရှင်းလင်း ပြသသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်များ ကြံ့ခိုင်ရေး၊ ကုန်ကြမ်း ရရှိရေးနှင့် စမ်းသပ်တွေ့ရှိချက်များ အရ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။
အဆိုပါ ဆီကြိတ်စက်သည် ကုန်ကြမ်းများကို အပူချိန် ၆၂ ဒီဂရီစင်တီဂရိတ်မှ ၂၁၀ စင်တီ ဂရိတ်အတွင်း ကုန်ကြမ်းအမျိုး အစားပေါ်မူတည်၍ အပူပေး ကြိတ်ခွဲရပြီး တစ်နာရီလျှင် ၄၀ ကီလိုဂရမ်မှ ၉၀ ကီလိုဂရမ်အထိ ကြိတ်ခွဲနိုင်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒဂုံ မြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး၍ ပြည်လမ်းမှ ရွှေတိဂုံစေတီတော်အား မြင်တွေ့ ဖူးမြော်ရသည့် မြင်ကွင်းလမ်း ကြောင်း တစ်လျှောက်နှင့် ပန်းဥယျာဉ်အတွင်း ရှင်းလင်း၍ ရာသီပန်းများ စိုက်ပျိုး၍မြေယာ ရှုခင်းပြုပြင်ရန် လည်းကောင်း၊ ရာသီပန်းပျိုးခြံအတွင်း လိုက်လံ ကြည့်ရှုပြီး လိုအပ်သည့် နေရာ များတွင် ဖြည့်သွင်းစိုက်ပျိုး နိုင်ရေး စဉ်ဆက်မပြတ်ဖြည့်စွက် ပျိုးထောင်သွားရန်မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စွန့်ပစ်ဟင်းသီး ဟင်းရွက်ဆွေးများ၊ သစ်ရွက်ဆွေး များဖြင့် အီးအမ်ဘိုကာရှီ သဘာဝ မြေဩဇာ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး မီသည့် သဘာဝမြေဩဇာများ ထုတ်လုပ်ရန် မှာကြားသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသည် မြေဩဇာကန် ၃၂၀ ကို ဖော်ယူ ပြီးစီးခဲ့ပြီး ကန် ၁၆၀ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊ ကန်တစ်ကန်လျှင် ၁၀ ပိဿာဝင် မြေဩဇာ ၅၄ အိတ် ထွက်ရှိ၍ တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဈေးနှုန်း ချိုသာစွာ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)