
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ပြည်ထောင်စုရှေ့နေချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ( ၄၃ / ၂၀၂၂)
၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်
(၂ဝ၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို “ပြည်ထောင်စုရှေ့နေချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ” ဟု ခေါ်တွင်စေရမည်။
၂။ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (ဇ)၏နောက်တွင် ပုဒ်မခွဲ (ဈ)၊ (ည)နှင့် (ဋ) တို့အဖြစ် အောက်ပါအတိုင်းဖြည့်စွက်ရမည်-
“(ဈ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ဥပဒေရေးရာ ဝန်ကြီးဌာနကိုဆိုသည်။
(ည) ပြည်ထောင်စုရှေ့နေချုပ်ဆိုသည်မှာ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ကိုဆိုသည်။
(ဋ) ဒုတိယရှေ့နေချုပ်ဆိုသည်မှာ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ကို ဆိုသည်။”
၃။ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေတွင် ပါရှိသော “ပြည်ထောင်စု ရှေ့နေချုပ်ရုံး” ဆိုသည့် စကားရပ်ကို “ဝန်ကြီးဌာန” ဆိုသည့်စကားရပ် ဖြင့် အသီးသီးအစားထိုးရမည်။
၄။ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ ပုဒ်မ ၁၂ တွင် -
(က) ပုဒ်မခွဲ (ဇ)၏ နောက်၌ ပုဒ်မခွဲ (ဈ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ)၊ (တ)နှင့် (ထ) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဈ) ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆို တင်ပို့ခြင်း မပြုမီ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းက ဥပဒေ အကြံဉာဏ် တောင်းခံပါက ဥပဒေအကြံဉာဏ် ပေးခြင်း၊
(ည) နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင်အဖြစ် ပါဝင်သော တရားမမှုများတွင် သက်ဆိုင်ရာအစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းများက ဥပဒေအကြံဉာဏ် တောင်းခံပါက ဥပဒေအကြံဉာဏ်ပေးခြင်း၊
(ဋ) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက စီမံခန့်ခွဲသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကနဦး ရေးဆွဲပေးပို့သည့် ဥပဒေမူကြမ်းများအပေါ် အကြံပြုချက်တောင်းခံခြင်းနှင့် စပ်လျဉ်း၍ စိစစ် အကြံပြုခြင်း၊ လိုအပ်ပါကသက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြင်ဆင်ခြင်း၊
(ဌ) နိုင်ငံသားများ၏ ဥပဒေကြောင်းဆိုင်ရာ တင်ပြစာ များအပေါ် စိစစ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ လိုအပ်ပါက အကြံပြုခြင်း၊
(ဍ) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့် သက်ဆိုင်ခြင်းမရှိ သည့် စီးပွားရေးစာချုပ်စာတမ်းဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဥပဒေရေးရာဆွေးနွေးမှုပြုခြင်း၊
(ဎ) တရားစွဲဆို တင်ပို့ခြင်းမပြုမီ ဥပဒေအကြံဉာဏ် ပေးခြင်းနှင့် အထွေထွေဥပဒေ အကြံဉာဏ်ပေးခြင်း များကို သက်ဆိုင်ရာဥပဒေရုံးက သတ်မှတ်ချက် များနှင့်အညီ အချိန်မီပေးပို့ တင်ပြစေရေး၊ ဥပဒေ နှင့်အညီ ပြင်ဆင်စေရေးအတွက် ဥပဒေရုံး အဆင့်ဆင့်ကို ကြီးကြပ်ခြင်း၊
(ဏ) အယူခံမှု၊ ပြင်ဆင်မှု၊ အထွေထွေလျှောက်ထားမှု နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ဥပဒေရုံးအဆင့်ဆင့်ကို ကြီးကြပ်ခြင်း၊
(တ) ဥပဒေရေးရာ အသိပညာပြန့်ပွားရေး ဆောင်ရွက် ခြင်းနှင့် ဥပဒေဆိုင်ရာ သုတေသနပြုခြင်း၊
(ထ) ဥပဒေအရာရှိများ၏ စွမ်းဆောင်ရည် တိုးတက် စေရန် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် အသုံးချမှုကို စနစ်တကျဆောင်ရွက်စေရေးအတွက် လမ်းညွှန်ကြီးကြပ်ခြင်း၊”
(ခ) မူလပုဒ်မခွဲ (ဈ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ)၊ (တ) နှင့် (ထ) တို့ကို ပုဒ်မခွဲ (ဒ)၊ (ဓ)၊ (န)၊ (ပ)၊ (ဖ) (ဗ)၊ (ဘ)၊ (မ)နှင့် (ယ) တို့အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်။
၅။ ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ဆ) ၏ နောက်တွင် ပုဒ်မခွဲ (ဇ) နှင့် (ဈ) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက် ရမည်-
“(ဇ) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက ဝန်ကြီးဌာန၏ ဥပဒေအကြံပြုချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ လိုအပ်ပါကပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ အစီရင်ခံတင်ပြခြင်း၊
(ဈ) ဝန်ကြီးဌာန၏အကြံပြုချက်ရယူပြီး ချုပ်ဆို၍ ပြန်လည် ပေးပို့သည့် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်စာတမ်းများနှင့် အခြားစာချုပ် စာတမ်းများ၏ မိတ္တူများကိုစိစစ်ပြီး လိုအပ်ပါက ဥပဒေ အကြံပြုချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ အစီရင်ခံ တင်ပြခြင်း။”
၆။ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ ပုဒ်မ ၂၆ တွင်-
(က) ပုဒ်မခွဲ (ဍ) ၏ နောက်တွင် ပုဒ်မခွဲ (ဎ) အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-
“(ဎ) ဥပဒေရေးရာအသိပညာ ပြန့်ပွားရေးဆောင်ရွက်ခြင်း နှင့် ဥပဒေဆိုင်ရာ သုတေသနပြုခြင်း၊”
(ခ) မူလပုဒ်မခွဲ (ဎ) ကို ပုဒ်မခွဲ (ဏ) အဖြစ် ပြောင်းလဲ အမှတ်စဉ် ရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
( ပုံ ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ