
နေပြည်တော် ဩဂုတ် ၂၅
မြန်မာ့တပ်မတော်အနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ဩဂုတ် ၁၅ ရက်မှ စတင်၍ ကျင်းပ ပြုလုပ်လျက်ရှိသည့် International Army Games- 2022 ပြိုင်ပွဲတွင် အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ တင့်ကား စွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့် သေနတ်ပစ် စွမ်းရည်ပြိုင်ပွဲ၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲအပြင် ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် Army of Culture တွင်လည်း မြန်မာ့တပ်မတော် ကိုယ်စားပြု ရိုးရာယဉ်ကျေးမှု အဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ထိုသို့ ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိသည့် မြန်မာ့တပ်မတော် ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့ များသည် ဩဂုတ် ၁၅ ရက်မှ စတင်၍ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ပြိုင်ပွဲဝင် ရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့်အတူ ပြိုင်ပွဲအသီးသီး တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့ဆိုင်းဝိုင်း တီးခတ်မှုပြိုင်ပွဲ တွင် ပထမဆု၊ စုံတွဲအဆိုပြိုင်ပွဲ (ရုရှားသီချင်း) ပထမဆု၊ အက ပြိုင်ပွဲ (ခေတ် ၄ ခေတ်) အကတွင် တတိယဆု၊ တစ်ဦးချင်း အမျိုးသမီး အဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ရိုးရာယဉ်ကျေးမှုကို ထင်ဟတ် ပေါ်လွင်အောင် အကောင်းဆုံး တင်ဆက် ပြသမှုတွင် တတိယဆု၊ Folk National Instrument တတိယဆု၊ ရိုးရာယဉ်ကျေးမှုပြခန်း တတိယဆုတို့ကို ဆွတ်ခူးရရှိခဲ့ သည့်အပြင် အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ၏ မဲပေးရွေးခြယ်မှု (People’s Choice Award) တွင်လည်း ပထမဆုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
မြန်မာ့တပ်မတော် ကိုယ်စားပြု ရိုးရာယဉ်ကျေးမှု အဖွဲ့များအနေ ဖြင့် International Army Games ပြိုင်ပွဲ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် ရိုးရာယဉ်ကျေးမှု ဆိုင်ရာ ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ကတည်းက နှစ်စဉ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စုံတွဲအက အကောင်းဆုံး ဆု၊ စုံတွဲအတီး အကောင်းဆုံးဆု၊ ရိုးရာဝတ်စုံ အကောင်းဆုံးဆုများ ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အဆို၊ အက၊ အတီး အကောင်းဆုံး ဆုများကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အက တတိယ အကောင်းဆုံးဆု၊ ရုရှားသီချင်း သီဆိုဖျော်ဖြေမှု အကောင်းဆုံး ဆုကို လည်းကောင်း၊ ၂၀၂၁တွင် ရုရှားသီချင်းဖြင့် တစ်ဦးချင်း ဖျော်ဖြေတင်ဆက်မှုတွင် တတိယ ဆု၊ အကောင်းဆုံး ရိုးရာဝတ်စုံဖြင့် တင်ဆက်ပြသမှုတွင် ပထမဆုနှင့် People’s Choice Award တွင် ဒုတိယဆုများကို လည်းကောင်း အသီးသီးရရှိအောင် စွမ်းဆောင် နိုင်ခဲ့သည်။
မြန်မာ့တပ်မတော် ယဉ်ကျေး မှု တပ်ဖွဲ့ဝင်များအနေဖြင့် Army of Culture ပြိုင်ပွဲတွင် မြန်မာ့ ရိုးရာတူရိယာပစ္စည်းများ၊ သီချင်း များ၊ အက၊ အလှများဖြင့် မြန်မာ တို့၏ ရိုးရာယဉ်ကျေးမှုစရိုက် လက္ခဏာများနှင့် ယဉ်ကျေးမှု အက၊ အလှတို့ကို ကမ္ဘာက သိအောင် စွမ်းဆောင်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်