
နေပြည်တော် ဩဂုတ် ၂၄
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင်ကြိုက်နှစ်သက် ကြသည့် မိဘပြည်သူများအတွက် “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ် တင်ဆက်မှုကို မေ ၂၁ ရက်မှစတင်၍ အပတ်စဉ် (စနေနေ့)တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာ မင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေး အတွက် အဆုံးအမများစွာပါဝင်သည့် ဗာဟုသစ္စဉ္စ (အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံခြင်း) နှင့် ဝီရတီပါပါ (မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်း) အစီအစဉ်ကို ဩဂုတ် ၂၇ ရက် (စနေနေ့) ည ၉ နာရီတွင် ဆက်လက်ပြသမည် ဖြစ်သည်။
ယင်းအစီအစဉ်တွင် ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှု နှင့်အတူ သော်သော်နန်းဝင်း (ရွှေနန်းသဘင်) ထက်မြတ်အောင်၊ ရန်ရှင်း မောင်၊ ပန်းကဗျာ၊ တိုးတက်၊ နန်းအိန္ဒြေဦးနှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို ဩဂုတ် ၃၁ ရက် (ဗုဒ္ဓဟူးနေ့) နှင့် စက်တင်ဘာ ၁ ရက် (ကြာသပတေးနေ့) ညနေ ၆ နာရီ သတင်းများအပြီးတွင် ထပ်မံ ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်