လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် အကောင်အထည်ဖော်နိုင်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ကျင်းပ

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် အကောင်အထည်ဖော်နိုင်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ကျင်းပ

========================================================================================================================

 

နေပြည်တော် ဒီဇင်ဘာ ၇

 

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင် ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် အကောင် အထည်ဖော်နိုင်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမ အကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Virtual Meeting ဖြင့် ကျင်းပသည်။

 

ကြိုးပမ်းဆောင်ရွက်လျက်ရှိ

 

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်နက် ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှု ဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည် ဖော်နိုင်ရေး အမျိုးသားအဆင့်ကော်မတီကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၁ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာ စာအမှတ်၊ ၁၁၆/၂၀၂၀ အရ ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် ၁၃ ချက်ရှိပါကြောင်း၊ ထိုလုပ်ငန်းတာဝန်များကို အကောင် အထည်ဖော်ရန် အမျိုးသားအဆင့်ကော်မတီ၏ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် ကမ္ဘာ့ကုလ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပထမဆုံးထောက်ခံခဲ့သော နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတွင် လူတစ်ဦးချင်းစီ၏ အခွင့်အရေး ကို မြှင့်တင်ပေးရန်နှင့် ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

 

ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်ရန် ကုလသမဂ္ဂ၏

ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နောက်ဆက်တွဲအခြေပြစာချုပ် သုံးခုကိုလည်း ဆက်လက် ပါဝင်သွားမည်ဖြစ်ကြောင်း၊ ညစ်ညမ်းရုပ်ပုံများနှင့် ကလေး များအား ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်းနှင့် ရောင်းချခြင်း အား တားမြစ်သည့် နောက်ဆက်တွဲ အခြေပြစာချုပ်ကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုပါဝင်ခဲ့ပြီး ထိုစာချုပ် နှစ်ခုကို လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုထပ်မံ၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အတည်ပြုပါဝင်ခဲ့ ရာ အဆိုပါ အခြေပြစာချုပ်နှင့်စပ်လျဉ်း၍ အမျိုးသားကော်မတီ က လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး အကောင်အထည်ဖော် ရန်ဖြစ်ကြောင်း၊ ဤနောက်ဆက်တွဲ အခြေပြစာချုပ်၏ အဓိက ဦးတည်ချက်သည် လက်နက်ကိုင်ပဋိပက္ခများအတွင်း အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူ ကလေး သူငယ်များအား အသုံးပြုခြင်းနှင့် တပ်သားစုဆောင်းခြင်း များမှ ကာကွယ်တားဆီးရေးအတွက် လိုအပ်သည့် ဥပဒေ ပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အခြားအစီအမံများကို ဆောင်ရွက်ရန်ဖြစ်ရာ ကလေးသူငယ်များ အခွင့်အရေးကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပြင် ကာကွယ်ရေးဝန်ကြီးဌာနနှင့်လည်း သက်ဆိုင်လျက်ရှိသည် ကို တွေ့ရှိရပါကြောင်း၊ လိုအပ်သော လုပ်ငန်းကော်မတီ များဖွဲ့စည်း၍ အမျိုးသားအဆင့်ကော်မတီက ဆောင်ရွက် ရန် တာဝန်ရှိသည့် လုပ်ငန်း ၁၃ ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လုပ်ငန်းစီမံချက်များကို ပီပီ ပြင်ပြင် ရေးဆွဲဖော်ဆောင်ရမည်ဖြစ်ကြောင်း။

 

အချိန်ကိုးလသာကျန်ရှိ

 

ဤနောက်ဆက်တွဲ အခြေပြစာချုပ်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ အာဏာသက်ရောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အာဏာသက်ရောက်ပြီး နှစ်နှစ်အတွင်း မြန်မာ နိုင်ငံ၏ဆောင်ရွက်ထားရှိမှုများအား ကုလသမဂ္ဂ၏ ကလေး သူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကော်မတီ သို့ အစီရင်ခံစာတင်သွင်းရမည်ဖြစ်သဖြင့် အချိန်ကိုးလသာ ကျန်ရှိပါတော့ကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ယခုမှ စတင်ဆောင်ရွက်ရသည့် လုပ်ငန်းများမဟုတ်ဘဲ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်း ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ၊ လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ စသည့် ကော်မတီ သုံးခုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတွင်လည်း ပါဝင်ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ဟုဆိုရာတွင် တပ်မတော်သာမက နိုင်ငံအတွင်းရှိ အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်နေသဖြင့် ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် ငြိမ်းချမ်း ရေးဖော်ဆောင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ တို့နှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမျိုးသား ကော်မတီ၏ ဆောင်ရွက်ချက်များကို မီဒီယာတွင် ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေးနှင့် အချိန်မီ အစီရင်ခံစာ တင်သွင်းနိုင်ရေး အကြံပြုဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ကော်မတီအတွင်းရေးမှူး ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသား အဆင့်ကော်မတီ၏ လုပ်ငန်းတာဝန်များကို အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက လိုအပ်သော လုပ်ငန်း ကော်မတီများ ဖွဲ့စည်းရေးနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲ ရေးတို့ကို အသေးစိတ်ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြား ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်