
မန္တလေး ဩဂုတ် ၂၃
ပြင်လွင်ဦးမြို့ ခုတင်(၃၀၀) ဆံ့ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်ပိုင်းက Liquid Oxygen Tank 20m3 ဖွင့်ပွဲကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်သူ့ ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုရန်ပုံငွေရှာဖွေရေးကော်မတီအဖွဲ့မှ တာဝန်ရှိ သူများ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ။ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ ၊ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုရန်ပုံငွေရှာဖွေရေးကော်မတီမှ နာယက ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက Liquid Oxygen Tank 20m3 ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကာ(ယာပုံ) ဝန်ကြီးချုပ်က အလှူရှင်ဖြစ်သည့် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီ အဖွဲ့သို့ ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီမှ တာဝန်ရှိသူများက စက်နှင့် ပတ်သက်သည့် စာရွက် စာတမ်းများကို ဆေးရုံအုပ်ကြီးထံသို့လည်းကောင်း ပေးအပ်သည်။
ကိုဗစ်-၁၉ လူနာများနှင့် အောက်ဆီဂျင် လိုအပ် သော အခြားလူနာများ အသုံးပြုရာတွင် လွယ်လင့် တကူ အဆင်ပြေစေရန် Liquid Oxygen မှ Vapourizer ခံ၍ Gaseous Oxygen သို့ ပြောင်းပေး သော စနစ်ဖြစ်ပြီး စက်တစ်စုံ၏တန်ဖိုး ငွေကျပ် ၁၉၄ သန်းဖြင့် ဆောက်လုပ်တပ်ဆင်လှူဒါန်းခြင်း ဖြစ်သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Liquid Oxygen Storage Tank မှ အောက်ဆီဂျင်ရယူ၍ လူနာများအသုံးပြုနိုင်အောင် ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုကာ လူနာများအား ရင်းနှီးစွာ နှုတ်ဆက်အားပေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြု များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားပြီး အာဟာရဖြည့်စွက်စာအဖြစ် ချီးမြှင့် ငွေကျပ် ၁၀ သိန်းကို ပေးအပ်ကြောင်း သိရသည်။
သတင်းစဉ်