
ရန်ကုန် ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်(တာမွေဘဏ်ခွဲ)၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များကို ဘဏ်ဖွင့်ရက်များအတိုင်း ပင်စင်လစာများ နေ့စဉ်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာထုတ်ယူသူများ သောရက်များ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်စေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးတို့အတွက် ကြိုတင်တိုကင်စနစ် ဖြင့် ပင်စင်လစာထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် (တာမွေ ဘဏ်ခွဲ) မှ သိရသည်။
တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မိုးနှင်းနွယ်က “ဒီနှစ်ဇူလိုင်လကနေ စပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေ ပင်စင်လစာ လာထုတ်တဲ့အခါမှာ အဆင်ပြေချောမွေ့စွာ ထုတ်ယူ နိုင်စေဖို့ နောက်လအတွက် ပင်စင်ထုတ်မယ့် နေ့ရက် နဲ့ အချိန်ကို တိုကင်ကြိုတင်ထုတ်ပေးလိုက်ပါတယ်။ အဓိကက နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ တန်းစီစရာ မလိုဘဲ သက်သောင့်သက်သာနဲ့ အဆင်ပြေချောမွေ့ စွာ ထုတ်ယူနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက် ပေးတာပါ။ ဒီလမှာဆိုရင် ပြီးခဲ့တဲ့လကတည်းက ကြိုတင်တိုကင်တွေ ထုတ်ပေးထားတဲ့အတွက် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေအနေနဲ့ ပင်စင်လစာ ထုတ်ယူတဲ့အခါမှာ အဆင်ပြေချောမွေ့စွာ ထုတ်ယူ နိုင်တဲ့အပြင် အရင်လို လူစုလူဝေးဖြစ်ပေါ်တာ လည်း မရှိတော့ပါဘူး။
“ဒီတာမွေဘဏ်ခွဲမှာ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား တစ်သောင်းရှစ်ထောင်ခန့်ကို ဘဏ်ဖွင့်ရက်တွေမှာ နေ့စဉ်ပင်စင်လစာတွေ ထုတ်ပေးလျက်ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအများစုကတော့ လတစ်လ အတွက် ပင်စင်လစာ စတင်ထုတ်ပေးတဲ့ရက် ပထမ နေ့နဲ့ ဒုတိယနေ့တွေမှာ လာရောက်ထုတ်ယူမှုများပြီး အဲဒီနေ့တွေဆို နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ဦးရေ ၁၅၀၀ နဲ့ ၁၆၀၀ ကြားလောက်ကို ပျမ်းမျှပုံမှန်ရှိ ပါတယ်”ဟု ပြောပြသည်။
အချို့သော သွားရေးလာရေး အဆင်မပြေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် ကျန်းမာရေး မကောင်းမွန်သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အနေဖြင့် ၎င်းတို့၏ လစဉ်ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်ခွဲ (တာမွေဘဏ်ခွဲ) အပြင် မြန်မာ့စီးပွားရေးဘဏ်ခွဲအသီးသီးတွင် ကိုယ်စား လှယ်ဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ အဆိုပါ ကိုယ်စားလှယ်ဖြင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင် လစာ လာရောက်ထုတ်ယူသည့်ပုံစံတွင် သက်ဆိုင်ရာ ပြန်တမ်းဝင် အရာရှိတစ်ဦး(သို့မဟုတ်) သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၏ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူ သည့် ပင်စင်လစာများနှင့် ပတ်သက်ပြီး သက်ဆိုင် ရာ ဘဏ်ခွဲတာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူရန် အဆင် မပြေမှုရှိပါကလည်း အိမ်တိုင်ရာရောက် ဆောင်ရွက် ပေးလျက်ရှိသလို နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ သဘောဆန္ဒအရ အွန်လိုင်းမှတစ်ဆင့် ATM၊ MMM၊ Citizen Pay စသည်တို့ဖြင့်လည်း နီးစပ်ရာနေရာများ တွင် ပင်စင်လစာများကို လွယ်ကူချောမွေ့စွာ ထုတ်ယူ နိုင်ကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် ၎င်းတို့၏ ငွေစုဘဏ်စာရင်းနှင့် Current Account စာရင်းများမှလည်း ၎င်းတို့အဆင်ပြေ သည့်အချိန် ပင်စင်လစာများ အလွယ်တကူ ထုတ်ယူ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)