တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

================================================================================================================================

 

နေပြည်တော် ဒီဇင်ဘာ ၇

 

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

 

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆင်း ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး(အပေါ်ပုံ) တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂)မှ အောင်စစ်သည်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၇၇၀၄ ဗိုလ်လောင်းထွန်းလှိုင်ဝင်း၊ လေ့ကျင့်ရေးထူးချွန် ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၇၁၂ ဗိုလ်လောင်းနိုင်လင်းဦးနှင့် စာပေထူးချွန် ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၈၁၀ ဗိုလ်လောင်း အံ့မော်ဟိန်းတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲ များ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

 

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြ သည့် ဗိုလ်လောင်းသုံးဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်