
မန္တလေး သြဂုတ် ၂၀
ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက် အတွင်း၌ မြန်မာထွက်ကုန် ဆီးသီးမှထွက်ရှိ သော ဆီးဆန်များကို တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားကောင်းမွန်နေမှုကြောင့် ဈေးနှုန်း များမြင့်တက်ကာ တစ်ပိဿာ ကျပ် ၉၀၀၀၀ အထိ ရရှိနေကြောင်း မန္တလေးမြို့ရှိ ကုန်သည် များထံမှ သိရသည်။
မြန်မာထွက်ကုန် ဆီးသီးများမှာ ဆီးချိုသီး၊ ဆီးချဉ်သီးနှင့် ထိုင်ဝမ်ဆီးသီးဟူ၍ သုံးမျိုး ရှိကြောင်း၊ ယခုဆီးဆန်များကို ဆီးချဉ်သီးမှ သာ ကြိတ်ခွဲပြီးထုတ်လုပ်ရရှိကြောင်း၊ ထိုဆီးဆန် များသည် ပေါ်ဦးပေါ်ဖျား မတ်လအတွင်းက တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ဈေးသာ ရရှိခဲ့ရာမှ ယခု သြဂုတ်လတတိယပတ်တွင် ဆီးဆန်တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀၀ အထိ ဈေးကောင်းရရှိနေကြောင်း မန္တလေး မြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။
‘‘အခုနှစ် ဆီးသီးရာသီမှာ ဆီးသီးမှ ကြိတ်ခွဲထုတ်လုပ်လိုက်တဲ့ ဆီးဆန်တွေကိုတရုတ်ပြည်ဝယ်လိုအားကြောင့် စံချိန်တင် မြင့်တက်နေတယ်။ ဆီးဆန်က မြန်မာပြည် ဈေးကွက်အတွင်းမှာ အသုံးဝင်မှု အသုံးချမှု ရှိတယ်လို့ မတွေ့ရပါဘူး။ ဒီဆီးဆန်တွေကို တရုတ်ပြည်ဈေးကွက်မှာ ဆေးဝါးထုတ်လုပ် တယ်လို့ ကြားသိရပါတယ်။ ဒါကြောင့် တစ်ကြိမ် တစ်ခါမှမကြုံဖူးတဲ့ အံ့ဖွယ်ဈေးတွေ ရရှိနေပါ တယ်။ ဈေးကွက်မှာ ကုလားပဲတစ်တင်းကို ငွေကျပ် ၆၀၀၀၀၊ နှမ်းတစ်တင်းကို ငွေကျပ် ၈၀၀၀၀ ဈေးရှိပေမယ့် ဆီးဆန်တစ်ပိဿာကို ၉၀၀၀၀ ဈေးဖြစ်နေတာကြောင့် မြန်မာ ထွက်ကုန်ထဲမှာ ထိပ်တန်းရောက်နေတဲ့ ပို့ကုန်ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ အခုလို ဈေးကောင်းရတဲ့အပြင် အသေးစားစက်မှု လုပ်ငန်းတွေလည်း လည်ပတ်နေရတဲ့အတွက် လုပ်သားတွေလည်း အလုပ်အကိုင်တွေရရှိ ကြပါတယ်။ ဒီလို ဈေးကောင်းနေတာကြောင့် ဆီးချဉ်သီးပင်ဟာ အလေ့ကျပေါက်တာကနေ အခင်းပြတ်စိုက်ကြဖို့ အကြံပြုပြောချင်ပါ တယ်’’ ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ဆီးချဉ်သီးသည် နွေဦးရာသီမှ စပေါ်လေ့ရှိပြီး တစ်နှစ်မှ တစ်ခါသာပေါ်သည့် သီးနှံဖြစ်ကြောင်း၊ ယင်းဆီးချဉ်ပင်သည် သဲဆန်သောမြေများနှင့် ပူအိုက်သောရာသီကို ကြိုက်နှစ်သက်ကာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသ ကြီးတို့၌ အများဆုံးတွေ့မြင်ရကြောင်း၊ ရေနံချောင်း၊ ချောက်၊ မလှိုင်၊ တောင်သာ၊ မိတ္ထီလာစသည့် မြို့များရှိဆီးခွဲစက်အသီးသီး၌ ကြိတ်ခွဲမှုများ ပြုလုပ်ကြကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)