
နေပြည်တော် ဩဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ဒေသများရှိ ဒေသခံ တိုင်းရင်းသားများအား “ပန်းခင်း” စီမံချက် နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မိုင်းလားမြို့နှင့် နမ့်ပန်းဒေသရှိ သက်ဆိုင်ရာခန်းမ အသီးသီး၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အတူ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိုင်းလားဒေသမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဒေသခံတိုင်းရင်းသားများအား“ပန်းခင်း’’ စီမံချက် နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြား ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားများကို နိုင်ငံသားစိစစ်ရေးကတ်များ အသီးသီးပေးအပ် ကြပြီး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေး ရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ပြောကြားကာ ဒေသခံ တိုင်းရင်းသားများ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများရှိ ဒေသခံတိုင်းရင်းသား ၂၉၂၁၀ နှင့် အိမ်ထောင်စု ၈၉၈၉ စု ပြုလုပ်ပေးနိုင် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်