
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး စီမံချက်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေး ကျင်းပ
=======================================================================================================
နေပြည်တော် ဒီဇင်ဘာ ၅
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ် ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ(COVAX National Coordinating Committee – CNCC)၏(၂/၂၀၂၀) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ တွင် COVAX အစီအစဉ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရန် Gavi, the Vaccine Alliance ထံသို့ ဒီဇင်ဘာ ၇ ရက်တွင် ပေးပို့ရန်အတွက် ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ်မှ ၂၀၂၂ ခုနှစ် ဒုတိယသုံးလပတ်အထိ ကာကွယ်ဆေးထိုးနှံမည့် ပုံစံအဆင့်ဆင့်၊ ကာကွယ်ဆေးထိုးနှံပေးမည့် ဦးစားပေး အုပ်စု၊ Gavi နှင့် မြန်မာနိုင်ငံမှ ကုန်ကျငွေကို ခွဲဝေကျခံမည့် ပုံစံ၊ မိမိတို့နိုင်ငံမှ သုံးစွဲလိုသည့် ဦးစားပေးအလိုက် ကာကွယ်ဆေးအမျိုးအစား၊ ကာကွယ်ဆေးရရှိပါက သိုလှောင် သယ်ဆောင်ထိုးနှံမည့် အစီအစဉ် အစရှိသည် တို့ကို Gavi, the Vaccine Alliance မှ ပေးပို့သော ဖောင်ပုံစံ တွင် အသေးစိတ်ဖြည့်စွက်၍ မပေးပို့မီ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) နှင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG)တို့ နောက်ဆုံးအဆင့် အသေးစိတ်ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ဆွေးနွေးရာ၌ မြန်မာ နိုင်ငံ တိုးချဲ့ကာကွယ်ဆေး ထိုးနှံမှုဆိုင်ရာ အခြေခံအဆောက် အအုံနှင့် လူ့စွမ်းအားအခြေအနေတို့ကို နောက်ခံထား၍ စဉ်းစားရမည် ဖြစ်ပါကြောင်း။
ဤကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးဌာနသည် Gavi, the Vaccine Alliance နှင့် အချိန်နှင့်တစ်ပြေးညီ အသေးစိတ် ကြိုတင်ဆွေးနွေးထားပြီးဖြစ်သဖြင့် ကာကွယ်ဆေး အမြန်ဆုံး ရရှိမည်ဟု ယူဆထားပါကြောင်း၊ Gavi, the Vaccine Alliance သို့ အကြောင်းကြားရန်လုပ်ဆောင်နေချိန်တွင် မိမိတို့သည် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက် သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရရှိသည့်အချိန်၌ မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို တစ်ပြိုင်တည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံ၌ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် ကာကွယ်ဆေး ၁၃ မျိုးကို နှစ်ပေါင်းများစွာ ထိုးနှံပေးနေ သည့် အတွေ့အကြုံများစွာရှိသည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဟု မိမိယုံကြည်ပါကြောင်း။
မိမိတို့ အထူးသတိပြုရမည်မှာ အအေးလမ်းကြောင်း စနစ်ပင်ဖြစ်ပါကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ လိုအပ် နိုင်သည့်အချက်များကို သိရှိသည့်အတွက် ကြိုတင်ပြင်ဆင် လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မည်သည့်ကာကွယ် ဆေးအမျိုးအစားကို ရရှိမည်ဆိုသည်ကို Gavi, the Vaccine Alliance မှ မိမိတို့ထံသို့ ကြိုတင်အကြောင်းကြား အသိပေး မည်ဖြစ်ပါကြောင်း၊ COVAX အစီအစဉ်မှ ၂၀၂၁ ခုနှစ် အတွင်း အများဆုံးရရှိနိုင်မည့် ကာကွယ်ဆေးပမာဏမှာ မြန်မာနိုင်ငံ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအတွက်သာ ရရှိမည် ဖြစ်ပြီး ရရှိခြင်းမှာလည်း တစ်ကြိမ်တည်းနှင့် အကုန်ရရှိမည် မဟုတ်သည်ကို သိရှိရပါကြောင်း။
ထို့ကြောင့် မိမိတို့သည် ထပ်မံလိုအပ်မည့်ပမာဏကို ဝယ်ယူနိုင်ရန်အတွက် ကာကွယ်ဆေးထုတ်လုပ် သုတေသန ပြုနေသည့် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ယူကေ၊ တရုတ် နှင့် အိန္ဒိယနိုင်ငံတို့မှ သက်ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး များနှင့် ဆက်သွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထပ်မံလိုအပ်မည့်ကာကွယ်ဆေးပမာဏကို ဝယ်ယူနိုင်ရန် အတွက် နိုင်ငံတော်ဘဏ္ဍာငွေနှင့် ကမ္ဘာ့ဘဏ်ချေးငွေတို့ဖြင့် ဝယ်ယူနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ လမ်းညွှန်ချက်များလည်း ရရှိပြီးဖြစ်ပါကြောင်း၊ ယခုအခါ အချို့နိုင်ငံများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးမျိုးကို စတင်ထိုးနှံတော့မည်ဖြစ်သည့် အတွက် မိမိတို့အနေဖြင့် ကာကွယ်ဆေး၏ ချက်ချင်းဘေးထွက် ဆိုးကျိုးနှင့် ရက်အတော်ကြာမှ ဖြစ်ပေါ်လာမည့် ဘေးထွက် ဆိုးကျိုးတို့ကိုလည်း သိရှိနိုင်မည်ဖြစ်ပါကြောင်း။
ဆက်လက်လေ့လာသုံးသပ်ရမည်
အထူးသဖြင့် အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးအချို့မှာ ကမ္ဘာ၌ ယခင်က တစ်ကြိမ်တစ်ခါမျှ အသုံးပြုခြင်းမရှိသေးသည့်ပုံစံဖြင့် ထုတ်လုပ်ထားသည့်အတွက် မိမိတို့သည် သတင်းထောက်လှမ်း၍ အမြဲတမ်းသုံးသပ်မည်ဖြစ်ပါ ကြောင်း၊ ဤကာကွယ်ဆေးသည် လက်တွေ့တွင် မည်သည့် အချိန်အတိုင်းအတာကာလအထိ ကာကွယ်မှုပေးနိုင်မည် ကိုလည်း ဆက်လက်လေ့လာ သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် အထူးသတိပြုအလေးထားရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံးမှ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပြိုင် အဆိုင်ဝယ်ယူရန် ကြိုးစားလျက်ရှိခြင်း၊ COVAX အစီ အစဉ်ဖြင့် မိမိတို့နိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိမည့် အရေအတွက်မှာ COVAX အစီအစဉ်နှင့် အကြုံးဝင် သည့် ၉၂ နိုင်ငံနှင့် အချိုးကျ မျှဝေရရှိမည်ဖြစ်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်လုံးတစ်ခဲတည်းမဟုတ်ဘဲ အသုတ်လိုက်ခွဲရမည်ဖြစ်ခြင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် လည်း နိုင်ငံတစ်ဝန်းရှိ ပြည်သူများအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံလွှမ်းခြုံနိုင်ရန်မှာ ကာကွယ်ဆေးရရှိမှု ပမာဏအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လူထု အတွင်း လုံလောက်သောရောဂါခုခံကာကွယ်နိုင်မှုပမာဏအင်အား (Herd Immunity) ကို အချိန်တိုအတွင်း ရရှိနိုင်ရန် ခက်ခဲခြင်း တို့ကြောင့် "ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း များကို လုံးဝပေါ့ဆမှုမရှိဘဲ အထူးအလေးထားကာ လပေါင်းများစွာ ဆက်လက်လိုက်နာဆောင်ရွက်ခြင်းသည် အကောင်းဆုံးသောရောဂါကာကွယ်မှုဖြစ်သည်" ဆိုသည့် အချက်ပင်ဖြစ်ပါကြောင်း။
ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျတပ်ဆင်ခြင်းနှင့် အခြားကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန် အချက်များကို တိကျစွာလိုက်နာခြင်းတို့သည် ကာကွယ် ဆေးထိုးထားသကဲ့သို့ပင် ထိရောက်ပါကြောင်း၊ သို့သော် လည်း မိမိတို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြု ချက်များကို အသုံးပြု၍ အခြားနိုင်ငံများကဲ့သို့ပင် မိမိတို့ ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး အမြန်ဆုံးထိုးနှံပေးရန်အတွက် ဗဟိုကော်မတီမှ လမ်းညွှန် ချက်များ ပေးအပ်ထားပြီး ဖြစ်သည့်အတွက် မိမိတို့သည် အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ဝက်သက်ကာကွယ်ဆေးကဲ့သို့ ကာကွယ် ဆေး တစ်ကြိမ်ထိုးပြီးက တစ်သက်တာနီးပါး ကာကွယ်နိုင် မည့် ကာကွယ်ဆေးမျိုး မဟုတ်ပါကြောင်း၊ ယခုထွက်ပေါ် လာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် နှစ်ကြိမ် ထိုးပြီးပါက မည်သည့်အချိန်အတိုင်းအတာကာလအထိ ရောဂါမှ ကာကွယ်ပေးနိုင်မည်ကို မသိရှိရသေးပါကြောင်း။
အဆိုပါအချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်မှာ အထူးအရေးကြီးသဖြင့် ကျန်းမာရေးအသိပညာ ပေးခြင်းနှင့် သတင်းမီဒီယာများမှ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရွေးချယ်ရာတွင် ကာကွယ်ဆေးထိုးနှံပြီး ချက်ချင်းနှင့် အချိန်အတန်ကြာမှဖြစ်ပွားသော နောက်ဆက်တွဲ ဖြစ်ရပ်များ (Adverse Event Following Immunization - AEFI) နည်းပါးခြင်း၊ အာနိသင်စွမ်းရည်ထက်မြက်၍ ရောဂါကာကွယ်နိုင်သည့် ကာလကြာရှည်ခြင်း၊ ကာကွယ် ဆေးထိုးနှံရမည့် အကြိမ်ရေနည်းခြင်း၊ မိမိတို့နိုင်ငံ ကျန်းမာရေး စနစ်အရင်းအမြစ်နှင့် ကိုက်ညီခြင်း၊ လိုအပ်သည့် ပမာဏကို စောစီးစွာ ရရှိနိုင်ခြင်း အစရှိသည့်အချက်များအပေါ်မူတည် စဉ်းစား ဆုံးဖြတ်ရခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး သည် အသုတ်လိုက်ခွဲကာ ရရှိမည်ဖြစ်သဖြင့် ဦးစားပေးထိုးနှံ ပေးသင့်သည့် လူအုပ်စုများကို တိကျသေချာစွာသတ်မှတ် ထားရှိရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိထိုးနှံပေးနိုင်ရေးအတွက် ကော်မတီနှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ ပညာရှင်ကြီးများနှင့် တိုင်ပင် ဆွေးနွေးခြင်း၊ နိုင်ငံတကာ ကိုဗစ်-၁၉ ကာကွယ်ဆေး သုတေသနစမ်းသပ်မှုသတင်းများကို တရားဝင်လမ်းကြောင်း များမှ မျက်ခြည်မပြတ်စုံစမ်းခြင်း၊ Gavi, the Vaccine Alliance အဖွဲ့နှင့် အမြဲချိတ်ဆက်ကာ COVAX Facility မှတစ်ဆင့် ကာကွယ်ဆေးရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ အသင့်ဖြစ်မှုအခြေအနေများကို အချိန်နှင့် တစ်ပြေးညီ အသေးစိတ်ဆန်းစစ်ထားရှိခြင်း (Readiness Assessment)၊ COVAX Facility မှ Gavi, the Vaccine Alliance ၏ ပံ့ပိုးမှုအပြင် ထပ်မံဝယ်ယူရရှိနိုင်မှု၊ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဝယ်ယူရရှိနိုင်မှုနှင့် ပုဂ္ဂလိက ကာကွယ် ဆေးထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် အခြေ အနေများကို ဆန်းစစ်သုံးသပ်လျက်ရှိခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာရေး ဆိုင်ရာ ခန့်မှန်းတွက်ချက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပါ ကြောင်း။
အမြဲချိတ်ဆက်လျက်ရှိ
ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် Gavi, the Vaccine Alliance အဖွဲ့၊ COVAX Facility၊ ကာကွယ်ဆေးထုတ်လုပ် သုတေသနပြုစမ်းသပ်နေသော အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ယူကေ၊ အမေရိကန် စသည့်နိုင်ငံများနှင့် အမြဲချိတ်ဆက်လျက်ရှိကာ ကာကွယ်ဆေး အမြန်ဆုံးဝယ်ယူရရှိ ထိုးနှံနိုင်ရန် ဆက်လက် ပြုလုပ်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်လည်း Gavi, the Vaccine Alliance အဖွဲ့၊ ကာကွယ်ဆေးထုတ်လုပ် သုတေသနပြုစမ်းသပ်နေသောနိုင်ငံများမှ သက်ဆိုင်ရာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးများနှင့် တိုက်ရိုက်ဖုန်းဆက်ဆွေးနွေး ခြင်းကို ပြုလုပ်လျက်ရှိပါကြောင်း၊ ယမန်နေ့က World Bank အဖွဲ့နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေး၊ သယ်ယူပို့ဆောင် ရေးနှင့် ဖြန့်ဖြူးထိုးနှံရေးကိစ္စရပ်များအတွက် World Bank အဖွဲ့မှ မြန်မာနိုင်ငံသို့ ချေးငွေထောက်ပံ့ပေးရန် စီစဉ်ထားမှု နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ပြီး World Bank နှင့် ဆက်လက်ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါဆွေးနွေးချက်များနှင့် ဝန်ကြီးဌာန၏ အကြံပြု ချက်များအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ တင်ပြထားပြီး လမ်းညွှန်မှုများခံယူကာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့(National Immunization Technical Advisory Group - NITAG)မှ ပညာရှင်ကြီးများ က ဝန်ကြီးဌာနအတွက် အကြံပြုချက်များပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများအနေဖြင့် Gavi, the Vaccine Alliance အဖွဲ့၊ COVAX Facility တို့နှင့် ဆက်သွယ်ဆွေးနွေးချက်များ၊ နိုင်ငံတကာမှ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များကို အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့ ထံသို့ ဆက်လက်ပေးပို့ကာ တိုင်ပင်ဆွေးနွေးဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေးအရည်အသွေးဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင် များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်း အချက်အလက်ဆိုင်ရာ၊ ကာကွယ်ဆေးပံ့ပိုးဖြန့်ဝေမှု ဆိုင်ရာ၊ ကပ်ရောဂါဖြစ်ပွားနေပုံအခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ကာကွယ်ဆေးရရှိရန် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲများမှ ဒေါက်တာအောင်နိုင်ဦးနှင့် ဒေါက်တာအေးမြချမ်းသာတို့ က ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါက စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် အစီအစဉ်များနှင့် ပတ်သက်၍ တင်ပြကြရာ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး စီမံချက် အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ် ညှိနှိုင်းစီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၀)အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရေး Gavi, the Vaccine Alliance ထံသို့ ဒီဇင်ဘာ ၇ ရက် အရောက်ပေးပို့နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည့် အဆိုပြုလွှာ (Application)ကို ရှင်းလင်းတင်ပြခဲ့ပြီး နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းထားရှိမှုများ၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရန် ရည်မှန်းဦးရေနှင့် ဦးစားပေးထိုးနှံမည့် လူအုပ်စုများကို ရွေးချယ်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကာကွယ်ဆေး ဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်များအဖွဲ့၏ အကြံပြုချက် နှင့်အညီ မိမိတို့နိုင်ငံနှင့် သင့်တော်အောင် ရွေးချယ်သတ်မှတ် ခဲ့မှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် လူဦးရေရာခိုင်နှုန်း အလိုက် ခန့်မှန်းကုန်ကျစရိတ်များ၊ ဘဏ္ဍာငွေ၊ ရန်ပုံငွေနှင့် ချေးငွေရယူနိုင်မှုအခြေအနေများ၊ ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုး အစားအလိုက် အောင်မြင်မှုအတိုင်းအတာအခြေအနေ များနှင့် ထုတ်လုပ်နိုင်မှုအနေအထားများ၊ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ယူကေနိုင်ငံ သံရုံးများနှင့် ကာကွယ်ဆေးထုတ်လုပ် သုတေသနပြု စမ်းသပ်နေသော ကုမ္ပဏီများနှင့် ချိတ်ဆက် ဆွေးနွေးထားရှိမှုများ၊ World Bank အဖွဲ့နှင့် အစည်းအဝေး များပြုလုပ် ဆွေးနွေးထားရှိမှုများ၊ အလွန်အမင်းအေးခဲမှု လိုအပ်သော ကာကွယ်ဆေးသိုလှောင်ထိန်းသိမ်းမှုစနစ် လိုအပ်သည့် ကာကွယ်ဆေးများရရှိလာပါက ထိန်းသိမ်းထား နိုင်ရေးအတွက် အအေးလမ်းကြောင်းစနစ် ပြင်ဆင်ထား ရှိမည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပုဂ္ဂလိက ကဏ္ဍနှင့် လှူဒါန်းမှုများတွင် အသုံးပြုလိုပါက ပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် လိုအပ်မည့် အချက် အလက်များကို ပြဋ္ဌာန်းရန် ကိစ္စရပ်များ၊ COVAX Facility မှ တစ်ဆင့်ရရှိလာနိုင်သည့် ကာကွယ်ဆေး၏ အမျိုးအစား လက္ခဏာ(Vaccine Characteristics) ၁၂ မျိုးနှင့် ပတ်သက်၍ နိုင်ငံမှ နှစ်သက်လိုလားမှုအဆင့်ကို ရွေးချယ် သတ်မှတ်ခဲ့မှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ကိုဗစ်-၁၉ လူနာများအား ကိုင်တွယ်ကုသမှု လုပ်ငန်းများနှင့် ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးလုပ်သားများ၊ မရှိမဖြစ်အရေးကြီးသည့် ကဏ္ဍများမှ ဝန်ထမ်းများ၊ ရောဂါ ဖြစ်ပွားပါက အသက်အန္တရာယ် စိုးရိမ်ရနိုင်ခြေရှိသည့် အသက် အရွယ်ကြီးသူများအား ဦးစားပေးထိုးနှံလူအုပ်စုတွင် ထည့်သွင်းရန်နှင့် ရောဂါဖြစ်ပွား၊ သေဆုံးမှုများသော တိုင်းဒေသကြီး/ပြည်နယ်ကို ရွေးချယ်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့(National Immunization Technical Advisory Group - NITAG) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း၊ အဖွဲ့ဝင်များဖြစ်သည့် ပါမောက္ခ ဒေါက်တာသိန်းအောင်၊ ပါမောက္ခ ဒေါက်တာ စောဝင်း၊ ပါမောက္ခ ဒေါက်တာနေဝင်း၊ ပါမောက္ခ ဒေါက်တာ ကြည်ကြည်သင်း၊ ပါမောက္ခ ဒေါက်တာဇော်လင်းအောင်၊ ပါမောက္ခ ဒေါက်တာခင်ပြုံးကြည်နှင့် အခြားအဖွဲ့ဝင် ပညာရှင်ကြီးများက နည်းပညာဆိုင်ရာအကြံပေးအဖွဲ့သည် လိုအပ်ချက်အပေါ်တွင် မူတည်၍ တစ်ပတ်တွင် နှစ်ကြိမ် ဆွေးနွေးပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုနေ သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားအလိုက် အောင်မြင်မှုအတိုင်းအတာများရရှိနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားများနှင့် ပတ်သက်သည့် ကိစ္စရပ် များ၊ အာနိသင်မရှိသည့်၊ ဘေးထွက်ဆိုးကျိုးများသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအတုများ ပြည်တွင်းသို့ ဝင်ရောက် လာနိုင်သည့် ကိစ္စရပ်များ၊ ပုဂ္ဂလိက ကဏ္ဍမှလည်း ဝယ်ယူ ထိုးနှံနိုင်ရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမှု အပေါ်မူတည်၍ ဦးစားပေးထိုးနှံပေးသင့်သည့် လူအုပ်စုများ၊ ကာကွယ်ဆေးနှင့်ပတ်သက်၍ အမျိုးမျိုးသော ကောလာ ဟလများ ပေါ်ထွက်နေမှုများ၊ ကာကွယ်ဆေးထိုးနှံချိန် တွင်လည်း လူစုလူဝေးမဖြစ်စေဘဲ စနစ်တကျထိုးနှံနိုင်ရေး စသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အကြံပြုချက်များ ပေးကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူ များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရေး Gavi, the Vaccine Alliance ထံသို့ ဒီဇင်ဘာလ ၇ ရက်နေ့အရောက်ပေးပို့နိုင်ရန် ပြင်ဆင် ထားပြီးဖြစ်သည့် အဆိုပြုလွှာ (Application)ကို အတည်ပြု ပေးခဲ့ကာ ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာ တွင် ယခုကဲ့သို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသား အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) မှ ပညာရှင်ကြီးများက မိမိတို့၏ကိုယ်ပိုင်အရေးကိစ္စသဖွယ် ပြည်သူများအကျိုးအတွက် စိတ်ပါဝင်စားစွာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ အကြံပြု မှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေး အမြန်ဆုံး ရရှိထိုးနှံနိုင်ရေးအတွက် လုပ်ငန်းအဆင့်ဆင့် ကို အားလုံးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်