
နေပြည်တော် ဩဂုတ် ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင် ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်ကာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၆ နာရီ တွင် ထုတ်ပြန်ထားသည့် ထူးခြားမိုးလေဝသအခြေ အနေသတင်း အမှတ်စဉ် (၀၃/၂၀၂၂)နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းသို့ စစ်ဆေးရာတွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုး တန်းအနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေမှု၊ အဆိုပါလေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိ အားနည်းရပ်ဝန်း (Low Pressure Area) မှ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့လည်း ကောင်း၊ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ရောက်ရှိ လာနိုင်ပြီး မြန်မာနိုင်ငံအပေါ် လက်ရှိသက်ရောက် နေမှုအခြေအနေများနှင့် အားကောင်းသော လေဖိ အားနည်းရပ်ဝန်းအဖြစ် ရောက်ရှိလာသည့်အခါ မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်မှု အခြေအနေ များကို ဌာနကြီးမှူးက ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ယခုလက်ရှိဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း ၏အရှိန်ကြောင့်၊ ဒေသအလိုက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ် နိုင်သည့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထူးခြား သတင်းအချက်အလက်များ အချိန်မီ ဖြန့်ဝေအသိပေး ၍ ကြိုတင်ပြင်ဆင်မှုများကို အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လေဖိ အားနည်းရပ်ဝန်း ဦးတည်ရွေ့လျားနိုင်မည့် ခန့်မှန်း လမ်းကြောင်း၊ အားကောင်းလာနိုင်သည့်အခြေအနေ၊ ဘေးဖြစ်ပွားလာနိုင်ခြေရှိသည့်ဒေသများ၊ ထူးခြားမိုးလေဝသအခြေအနေများနှင့်စပ်လျဉ်း၍ စဉ်ဆက် မပြတ် စောင့်ကြည့်လေ့လာပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် မြေပြင်နှင့်ချိတ်ဆက်၍ ပျက်စီးဆုံးရှုံးမှုများ လျော့နည်းနိုင်သမျှလျော့နည်း နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်