အားကစားတိုးတက်ရေးအတွက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များအား သက်ဆိုင်ရာနှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

အားကစားတိုးတက်ရေးအတွက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များအား သက်ဆိုင်ရာနှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

==========================================================

 

နေပြည်တော် ဒီဇင်ဘာ ၄

မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့် (၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက် ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် အားကစားနှင့် ကာယ ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံးမှ တာဝန်ရှိသူ များ၊ SOMS Unit အဖွဲ့မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။

အထူးကျေးဇူးတင်

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် မိမိဦးစီးဌာနရှိ ဌာနခွဲများ၏ တာဝန်ဝတ္တရားများ၊ လုပ်ဆောင်မှုများကို သိရှိထားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ ဌာန ကူးပြောင်း တာဝန်ထမ်းဆောင်ရပါက လက်ဆင့်ကမ်း တာဝန်များကို ဆက်လက်အကောင်အထည်ဖော်နိုင် မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သိပ္ပံကျောင်းများမှ ဝန်ထမ်း များ ပါဝင်ကူညီ၍ Quarantine ထားရှိ ၍ ဆောင်ရွက်မှုများ၊ ဒေသအာဏာပိုင် များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ Mask Campaign များ ပြုလုပ်နေသည် ကို တွေ့ရှိရ၍ အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး မကြာမီရရှိတော့မည်ဖြစ်၍ ကိုဗစ် ကာလပြီးမြောက်ပြီးနောက် အားကစား လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ် ကြောင်း၊ ကိုဗစ်ကာလအတွင်း ပြည်သူများ အဘက်ဘက်က စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအရ အဘက်ဘက် က ထိခိုက်မှုရှိချိန်တွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေနှင့် လှုပ်လှုပ်ရှားရှား လူထုအားကစား အနေဖြင့် ပြည်သူများ ကိုယ်လက် လှုပ်ရှားပြိုင်ပွဲကို ကျင်းပပေးရာ ပြည်သူများ ပါဝင်ယှဉ်ပြိုင်သည်ကို တွေ့ရ၍ ပါဝင်နိုင်အောင် စည်းရုံး ဆောင်ရွက်နိုင်ခဲ့သော ဝန်ထမ်းများ အား အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။

ရှင်းလင်းပြောကြား

ယင်းနောက် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ၂၀၂၁မှ ၂၀၂၆ ခုနှစ် အထိ (၅)နှစ်တာကာလအတွင်း အားကစား ဖွံ့ဖြိုးတိုးတက်ရေး နှစ်အပိုင်းအခြားအလိုက် စီမံ ဆောင်ရွက်မှုများနှင့် ဦးစီးအရာရှိ ဒေါ်အိသန္တာကျော်က ASEAN SOMS University ၏ ရည်ရွယ်ချက်များ၊ အိမ်ရှင်နိုင်ငံများ လက်ခံကျင်းပမှု၊ ၂၀၁၅-၂၀၂၀ ခုနှစ်တွင် ASEAN Work Plan Sports လုပ်ငန်းများ ဆောင်ရွက် ထားမှု၊ ၂၀၂၁-၂၀၂၆ ခုနှစ်အထိ လုပ်ဆောင်ရန် လျာထားမှုများ၊ အားကစားရန်ပုံငွေတည်ထောင်ထားရှိမှုအခြေအနေများ၊ အာဆီယံနိုင်ငံ များ၏ ကိုဗစ်-၁၉ သက်ရောက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်