
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း
=============================================================
အခုဆိုရင် ကျွန်မတို့နိုင်ငံမှာ ကိုဗစ်ရောဂါ ဖြစ်တာလည်း ကြာခဲ့ပါပြီ။ ကြာတဲ့အခါ ကျတော့ ပြည်သူလူထုတွေက စိတ်ဖိစီးမှု ရှိတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ အထူးပိုပြီးတော့ ဂရုစိုက်ဖို့လိုပြီ ဆိုတာလည်း ကျွန်မတို့ပြည်သူတွေ နားလည်ဖို့ လိုပါတယ်။ အခုဆိုရင် ကျွန်မတို့ နိုင်ငံမှာ ကိုဗစ်ရောဂါတွေ့ရှိတဲ့ လူနာပေါင်း ဟာ၊ အားလုံးပေါင်းဆိုရင် ၉ သောင်းကျော် လို့ တစ်သိန်းနီးပါးဖြစ်နေပါပြီ။ ဒါနည်းတဲ့ဟာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်မတို့ ဒါသတိ ပေးပါတယ်။ ရွေးကောက်ပွဲပြီးကာလ တစ်ပတ်ကျော်ကျော်အတွင်းမှာဆိုရင် လူစုလူဝေးတွေဖြစ်တာကြောင့်မို့လို့ အဲ့ဒီ အကျိုးဆက်အရ ရောဂါဖြစ်ပွားမှုဟာ ပြန့်လာမယ်၊ ပိုပြီးတော့ တက်လာမယ် ဆိုပြီးတော့ ကျွန်မတို့ ခန့်မှန်းပါတယ်။ ခန့်မှန်းတဲ့အတိုင်းပဲ တက်လာပါတယ်။
ဒီအပြင်မှာ တန်ဆောင်တိုင်ရုံးပိတ်ရက် တွေ၊ ပိတ်ရက်တွေထဲမှာဆိုရင် လူစုလူဝေး ဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ အဲ့ဒီ အကျိုးဆက်တွေလည်း ရှိဦးမှာပဲ။ ဒါဘယ်လို မှ ရှောင်လို့မရပါဘူး။ ကျွန်မတို့ ခဏခဏ ပြောပါတယ်။ အပြင်သွားရင် Mask တပ်ပါ။ လက်တွေ မှန်မှန်ဆေးပါ။ တတ်နိုင် သလောက် (၆)ပေကွာပြီး တခြားသူတွေနဲ့ ကင်းကင်းရှင်းရှင်းနေပါလို့ ပြောပေမယ့် လည်း ဒီစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုကလည်း အားနည်းတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဆိုရင် v ရှေ့ဖုံးမှ
ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေမှာ၊ တစ်တိုင်းပြည်လုံးမှာ ရောဂါနည်းနည်း ပြန့်ပွားလာတဲ့ အခြေအနေရှိပါတယ်။ နည်းနည်းဆိုတာလည်း သိပ်နည်းနည်း တော့ မဟုတ်ပါဘူး။
အဲဒီတော့ ဒီဟာနဲ့ပတ်သက်ပြီး ကျွန်မတို့ ပြည်သူတွေ လေးလေးနက်နက်ရှိအောင် လို့ ကျွန်မ ကိန်းဂဏန်းလေးတွေ တချို့ ပြောပြချင်ပါတယ်။ ပြည်သူတစ်ယောက်၊ လူတစ်ယောက်ပေါ့နော်။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မတို့ ပြည်သူမဟုတ်ဘဲနဲ့ ဒီနိုင်ငံမှာ ရောက်နေတဲ့ ဧည့်သည်တွေဆိုရင်လည်း ကျန်းမာရေးအရ စောင့်ရှောက်မှုပေးရတာပဲ။ တစ်ယောက်က ကိုဗစ်ရောဂါပိုးဝင်သွားပြီ အဲ့ဒီဟာကို ကုပေးရတယ်ဆိုရင် ရောဂါ မပြင်းထန်ရင်တောင်မှ တစ်ယောက်အတွက် ကုန်ကျစရိတ်က ၁၅ သိန်းနဲ့ သိန်း ၂၀ ကြား ဖြစ်ပါတယ်။ အဲဒါ တိုက်ရိုက်ကုန်ကျစရိတ် လည်း ပါတယ်။ သွယ်ဝိုက်တဲ့ ကုန်ကျစရိတ် လည်းပါတယ်။ ဒါ တစ်ယောက်ကိုပါ။ ပြင်းထန်တဲ့ အဆင့်ရောက်သွားပြီဆိုရင် တစ်ယောက်အတွက်က ၂၅ သိန်းနဲ့ သိန်း ၅၀ ကြား အကုန်အကျခံရပါတယ်။ တိုက်ရိုက်ရော၊ သွယ်ဝိုက်သော စရိတ်ရော အားလုံးပေါင်းလိုက်မယ်ဆိုရင်ပေါ့။ အဲဒီ တော့ စဉ်းစားကြည့်ပါ။ ကျွန်မတို့ နိုင်ငံမှာ ဆိုရင် အခု ဒီလို ၉ သောင်းကျော်လို့ တစ်သိန်း နီးပါး ရောဂါပိုးတွေ့ရှိတဲ့သူတွေ ရှိခဲ့ပြီဆို တော့ ဘယ်လောက် ကျွန်မတို့ ပြုစုကုသမှု ဘက်မှာ သုံးခဲ့ရသလဲဆိုတော့ စောစောက ပြောသလို ၁၅ သိန်းနဲ့ သိန်း ၂၀ ကြား ရောဂါ မပြင်းထန်တဲ့ သူတစ်ယောက်အတွက် သုံးရတယ်ဆိုရင် ဒါဟာ ဘာနဲ့ညီမျှသလဲ ဆိုတော့ ကျွန်မတို့ ရောဂါကာကွယ်ဆေး ရတဲ့အခါကျရင် ဒီကာကွယ်ဆေး လူ ၃၀၀ ကို ထိုးပေးနိုင်တဲ့ ငွေပမာဏနဲ့ ညီမျှပါတယ်။
ဒီရောဂါကာကွယ်ဆေးကလည်း မရ သေးဘူး။ ရရင်လည်း တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီး ကျွန်မတို့ ဝယ်ရမယ်။ လှူတာ ကလည်း အတိုင်းအတာတစ်ခုရှိတယ်။ ဒါပေမယ့် အများစုက ကျွန်မတို့ ဝယ်ရမှာပဲ။ ဝယ်တဲ့အခါကျရင် ဒီငွေတွေက ဘယ်က လာမလဲ။ ကျွန်မတို့ နိုင်ငံတော်ဘဏ္ဍာထဲ ကပဲ လာမှာပဲ။ အခုအချိန်မှာဆိုရင်လည်း ကိုဗစ်ရောဂါ ကူးစက်တဲ့သူတွေကို ကုပေး တာလည်း နိုင်ငံတော်ရဲ့ ဘဏ္ဍာထဲကပဲ ကုပေးနေတာပဲ။ နိုင်ငံတော်ရဲ့ ဘဏ္ဍာက ဘယ်ကလာသလဲဆို ပြည်သူဆီကလာတာ ပါပဲ။ အဲဒီတော့ ပြည်သူတွေရဲ့ငွေကို ပြန်ပြီး တော့ သုံးလိုက်ရတာ၊ ပြည်သူတွေအတွက် သုံးခဲ့ရတာဆိုပေမယ့် ပြည်သူတွေအတွက် သုံးသင့်သုံးထိုက်တဲ့နေရာမှာ မဟုတ်ဘဲနဲ့ ရှောင်လွှဲလို့မရတဲ့နေရာမှာ သုံးရသလိုဖြစ်နေပါ တယ်။ ဒီရောဂါပိုးကူးလို့ ကုန်တဲ့စရိတ်တွေ ဟာ စောစောကပြောသလို သိပ်ပြီးတော့ ရောဂါ မပြင်းထန်တဲ့ လူတွေအတွက်ဆိုရင် တစ်ယောက် အတွက် သုံးရတာဟာ လူ ၃၀၀ အတွက် ကာကွယ်ဆေးထိုးပေးနိုင်တယ်။
ပြင်းထန်တဲ့ ရောဂါသည်တစ်ယောက် အတွက် သုံးရတာဟာ ကျွန်မတို့ လူတစ်ထောင် အထိတောင် ကာကွယ်ဆေးထိုးပေးနိုင်တဲ့ အတိုင်းအတာရှိပါတယ်။ ဒါတင် မကသေးပါ ဘူး။ ကျွန်မတို့ Quarantine ဝင်တဲ့ လူတစ်ယောက်အတွက် တစ်ယောက်အတွက်ဆို ပျမ်းမျှခြင်း (၆)သိန်းလောက် နိုင်ငံတော်က ကုန်ပါတယ်။ ဒါ ရောဂါမဖြစ်ဘဲနဲ့ Quarantine မှာ ပေါ့နော်။ ရောဂါဖြစ်တဲ့လူတွေနဲ့ ထိတွေ့မှု ရှိခဲ့လို့ Quarantine ထဲထည့်ပြီးတော့ ကျွန်မတို့ စောင့်ရှောက်ရတဲ့ ပုဂ္ဂိုလ်တွေဆိုရင် တစ်ဦးကို ပျမ်းမျှခြင်း (၆)သိန်းလောက် ကုန်ပါတယ်။ အဲဒီတော့ ဒါတွေအားလုံး တွက်လိုက်မယ်ဆိုရင် ကျွန်မတို့ တခြားနေရာမှာ သုံးနိုင်တဲ့ ငွေတွေ ဘယ်လောက်ဆုံးရှုံးသွားလဲဆိုတာကို စဉ်းစား ကြည့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ဟာ ကိုဗစ်ရောဂါအလွန် အချိန်ကာလမှာ နိုင်ငံတော်စီးပွားရေး ပြန်ပြီးတော့ တက်အောင် လို့ လုပ်ရပါလိမ့်မယ်။ ပြန်လည်ထူထောင်ဖို့ အတွက် ငွေတွေအများကြီး လိုပါလိမ့်မယ်။ ဒီငွေတွေကို ကျွန်မတို့ကနေပြီးတော့ ရောဂါ ကုသရေးအတွက် သုံးတဲ့ငွေတွေကို ရောဂါ ကုသရေးအတွက် သုံးဖို့မလိုလို့ ဒီစီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် သုံးနိုင်မယ် ဆိုရင် ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက် အကျိုးရှိမလဲ။ ကျွန်မတို့ ပြည်သူတွေအတွက် ရေရှည်မှာ ဘယ်လောက်အကျိုးရှိမလဲဆိုတာ ကို စဉ်းစားစေချင်ပါတယ်။
ဒါဟာ လူတိုင်းလူတိုင်းနဲ့ဆိုင်တဲ့ ကိစ္စပါ။ နောက် ရောဂါပိုးရှိတဲ့သူ ၆၅ ရာခိုင်နှုန်းက ရောဂါလက္ခဏာ မပြပါဘူးဆိုတာလည်း ကျွန်မတို့ ထပ်တလဲလဲသတိပေးပါတယ်။ ဒီလိုရောဂါရဲ့ လက္ခဏာမပြတဲ့ အခါကျတော့ ကိုယ်ကတော့ ကောင်းနေပြီလို့ ထင်လိမ့်မယ်။ အများအားဖြင့် ရောဂါလက္ခဏာမပြတဲ့သူတွေ က အသက်အရွယ်လည်း ကောင်းတယ်။ ကျန်းမာရေးအခြေခံလည်း ကောင်းတယ်။ ကောင်းတဲ့ အခါကျတော့ ရောဂါလက္ခဏာမပြ ဘူး။ ဒါပေမယ့်လည်း ကိုယ့်ဆီကနေပြီးတော့ ကိုယ့်မှာရောဂါပိုး ဝင်နေပြီဆိုရင်၊ ရောဂါ လက္ခဏာပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ကိုယ့်ဆီကနေပြီး နောက်တစ်ယောက် ကူးသွား နိုင်တယ်။ ကူးသွားတဲ့တစ်ယောက်က ရောဂါ အခြေခံရှိချင်ရှိမယ်။ အခြေခံရောဂါ ကျန်းမာရေး မကောင်းဘူးပေါ့။ ဒါမှမဟုတ် သက်ကြီးရွယ်အို တွေလည်းဖြစ်နိုင်တယ်။ အဲဒီလို ကူးသွားပြီ ဆိုရင် အဲဒီလူတွေဟာ သေဆုံးသွားနိုင်တယ် ဆိုတာကိုတော့ ကျွန်မတို့ ပြည်သူတွေက နေပြီး တော့ မမေ့ဖို့က အင်မတန်မှ အရေးကြီးပါတယ်။
အခုဆိုရင် သေဆုံးမှုနှုန်းဟာ ၁၉၀၀ ကျော် နေပြီ။ ၁၉၉၈ ဦးပေါ့။ နောက်ဆုံးကိန်း ဂဏန်းအရ။ အဲဒီတော့ ဒါဆို မနက်ဖြန်ဆိုရင် ၂၀၀၀ ကျော်မယ်လို့ ကျွန်မတို့ မှန်းလို့ရပါ တယ်။ ဒီတော့ လူတစ်ယောက် သေဆုံးသွားပြီ ဆိုရင် ဘာနဲ့မှ အစားထိုးလို့ မရပါဘူး။ ခုနက ပြောသလိုပေါ့။ တစ်ယောက်ကို ကုသစရိတ်က ၁၅ သိန်းကနေ သိန်း ၂၀ အထိပဲ ဖြစ်ဖြစ်၊ ၂၅ သိန်းကနေ သိန်း ၅၀ အထိဖြစ်ဖြစ် အတိုင်း အတာ တစ်ခုအထိ တန်ဖိုးဖြတ်လို့ရတယ်။ လူတစ်ယောက်ရဲ့ အသက်ဆိုတာ ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရပါဘူး။ အဲဒါကြောင့် ကိုယ့်ကြောင့် ကိုယ့်မိသားစုထဲက တစ်ယောက် ယောက်၊ ဒါမှမဟုတ် ကိုယ်နဲ့ နီးစပ်တဲ့ မိတ်ဆွေ ထဲက တစ်ယောက်ယောက် ဒီရောဂါပိုးရပြီး တော့ သေဆုံးသွားတယ်ဆိုရင် ဘယ်လို အစားထိုးမှာလဲ။ ကိုယ့်ကြောင့် ကိုယ့်ရဲ့မိသားစု ထဲက မဟုတ်ရင်၊ ကိုယ့်ရဲ့ မိတ်ဆွေထဲက မဟုတ်ရင် တခြားသူရဲ့ မိသားစုထဲက၊ တခြားသူ တွေရဲ့ မိတ်ဆွေထဲက တစ်ယောက်ယောက် သေဆုံးသွားပြီဆိုရင် ဘယ်လိုအစားထိုးမှာလဲ။ အဲဒါက တန်ဖိုးဖြတ်လို့မရပါဘူး။ ဘယ်နှစ်သိန်း နဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး။
အဲဒါကြောင့် လူတိုင်းလူတိုင်းဟာ သိပ်ပြီး တော့ သတိထားစေချင်ပါတယ်။ အခု ဆောင်းတွင်းမှာ အေးလာပြီ။ အေးလာတဲ့ အခါကျရင် ရောဂါပိုးက ပိုပြီးတော့ ပြန့်လွယ် မယ်ဆိုတာလည်း ကျွန်မတို့ သတိပေးထားပြီး ဖြစ်ပါတယ်။ ထပ်မံလည်း သတိပေးပါမယ်။ အခု တန်ဆောင်တိုင် ပိတ်ရက်တွေကတော့ လွန်သွားပြီပေါ့။ နောက် အခု ကျွန်မတို့ ခရစ္စမတ် ကာလ၊ နှစ်သစ်ကူးကာလတွေကို ကျွန်မတို့ ဦးတည်နေပါပြီ။ အဲဒီအချိန်တွေမှာလည်း လူစု လူဝေးမဖြစ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ လူစုလူဝေး ဖြစ်တာနဲ့အမျှ ရောဂါပိုးပြန့်တယ် ဆိုတာကိုတော့ ဒါတော့ ကျွန်မတို့ ဘယ်လိုမှ ရှောင်လို့မရတဲ့ ကိစ္စပါ။ ပြန့်မှာပါပဲ။ လူစု လူဝေးလုပ်ရင် ပြန့်မှာပါပဲ။ လူစုလူဝေးဆို ကတည်းက ခြောက်ပေကွာပြီးနေတယ်ဆိုတာ ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီခြောက်ပေ ကွာပြီးတော့ မနေနိုင်တဲ့ကြားထဲမှာ Mask မတပ်တဲ့ သူတွေကလည်း ပါသေးတယ်။ Mask တပ်တယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ အကာအကွယ်ရတယ်ဆိုပေမယ့် ဒီလောက် နီးနီးကပ်ကပ်နေနေပြီ၊ လူတွေ စုဝေးနေပြီ၊ လူအုပ်တွေဖြစ်နေပြီဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်း လုံခြုံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သတိထားစေချင်ပါတယ်။ လူစု လူဝေးမဖြစ်အောင်လို့နေပါ။ ဒီဟာ ဟာ မလွယ် ဘူးဆိုတာ ကျွန်မတို့သိပါတယ်။ အချိန် ကလည်း ကြာလာတာနဲ့အမျှ အခုဆိုရင် ၃ လပိုင်းကနေ စလိုက်တာ အခု ၁၂ လပိုင်းရောက် သွားပြီဆိုတော့ ၉ လရှိပြီပေါ့။ ၉ လ ဆိုတော့ လည်း ကြာလာပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီ ၉ လကို ကျွန်မတို့ အနာဂတ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ၉ လဆိုတာ ဘာမှမဟုတ် ပါဘူး။ သေဆုံးသွားတဲ့ လူတွေအတွက်ဆိုရင် အနာဂတ်ဆိုတာ လုံးဝမရှိတော့ပါဘူး။ ဒီ ၉ လဟာ အနာဂတ်မရှိတော့ခြင်းရဲ့ ဒုက္ခနဲ့စာလို့ ရှိရင် ဘာမှမဟုတ်ဘူးလို့ ကျွန်မတို့ ပြောလို့ရပါ တယ်။
အဲဒါကြောင့် ခုအချိန်မှာ အထူးသတိထား ပါ။ ကျွန်မတို့ နိုင်ငံရဲ့ ပြန်လည်ထူထောင်ရေး အတွက် ကျွန်မတို့ နောက်နှစ်မှာ အင်မတန်မှ ရုန်းကန်ရမယ်ဆိုတာကိုလည်း ပြည်သူတွေကို သတိပြုစေချင်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ က တာဝန်သိစိတ်ရှိတယ်ဆိုတာလည်း ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် ဒီတာဝန်သိစိတ် ဆိုတာ တစ်ခါတလေလည်း မှေးမှိန်သွားတတ် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရတာ ကြာလာတဲ့ အခါကျတော့ နည်းနည်းအားလျော့လာတဲ့ သဘောရှိတယ်။ အားဆိုတာ လျော့လာတာနဲ့ ပြန်ပြန်ပြီးတော့ တင်းရပါမယ်။ ကျွန်မ မှတ်မိ ဖူးပါတယ်။ ဆရာတော်တစ်ပါးက နေပြီးတော့ ဩဝါဒချီးမြှင့်ခဲ့ဖူးပါတယ်။ သီလဆိုတာ ကောင်းတဲ့အကျင့်တွေကို ကိုယ်ကနေပြီး တော့ ခိုင်မြဲအောင်လုပ်တယ်ဆိုတာ ခါးဝတ် ပုဆိုးလိုပဲ ပြန်ပြန်ပြီးတင်းရတယ်တဲ့။ ခါးဝတ် ပုဆိုးဆိုတာ တစ်ခါတည်းဝတ်ထားလို့၊ မနက်မိုးလင်း အိမ်ကထွက်လို့ ပုဆိုးစည်း ထားတာနဲ့ တစ်နေ့လုံး ခံတာမဟုတ်ဘူး။ ပြန်ပြန်ပြီးတင်းရတယ်။ ဒီအတိုင်းပဲ သီလ ဟာ လျော့ရဲလာပြီဆိုရင် ပြန်တင်းရတယ် တဲ့။
အဲဒီတော့ ကျွန်မတို့ဟာလည်း စည်းကမ်းလျော့ရဲလာပြီဆိုရင် ပြန်တင်းဖို့ လိုပါလိမ့်မယ်။ ဒီလိုပြန်တင်းတယ်ဆိုတာ ဘယ်သူ့ အကျိုးအတွက်လည်းဆိုတော့ ပြည်သူပြည်သားတွေ အားလုံးတစ်ယောက် ချင်း၊ တစ်ယောက်ချင်းအကျိုးအတွက်ပါ။ ဒီကိုဗစ်ရောဂါဟာ ကိုယ်နဲ့ပတ်သက်တဲ့သူ ဘယ်သူ့ကို ကူးသွားမလဲဆိုတာ ဘယ်သူမှ ပြောလို့မရပါဘူး။ ငါနဲ့မဆိုင်ဘူးလို့ ထင်နေ ပေမယ့် မသိဘဲနဲ့ဆိုင်လာတဲ့အခါကျမှ နောင်တရရတယ်ဆိုရင် ဘာမှလည်း ကျွန်မတို့ လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ သတိထားကြပါ။ ကိုယ့်အတွက် ကိုယ်တာဝန်ယူတယ်ဆိုတာဟာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက် တာဝန်ယူရာလည်း ရောက်ပါတယ်။ ကိုယ့်အနာဂတ်အတွက်၊ ကိုယ့်နိုင်ငံအတွက် တာဝန်ယူရာလည်း ရောက်ပါတယ်။ ကျွန်မတို့ သန်းတွေ သောင်းနဲ့ချီပြီး ကိုဗစ်ရောဂါအတွက် ကျွန်မတို့ သုံးခဲ့ရပါတယ်။ ဒီငွေတွေဟာ လည်း မိုးပေါ်ကကျလာတာလည်း မဟုတ် ဘူး။ ကျွန်မတို့ နိုင်ငံအတွက် သုံးဖို့၊ ပြည်သူ တွေအတွက် သုံးဖို့သတ်မှတ်ထားတဲ့ ငွေတွေ ထဲကနေ သုံးရတာဖြစ်ပါတယ်။ နောက်နှစ် ကျရင် တတ်နိုင်သမျှ ကျွန်မတို့ စီးပွားရေး ပြန်လည်ထူထောင်ရေးထဲကို များများ ထည့်ပြီးတော့ ပြည်သူတွေရဲ့အင်အားရော၊ ကျွန်မတို့ရဲ့ ဘဏ္ဍာတော် အင်အားရော များများထည့်ပြီးတော့ တကယ့်ကို ကိုဗစ် ရောဂါအလွန်ကာလမှာ ကောင်းတဲ့လမ်းပေါ် ရောက်အောင်လို့ အားလုံးက အခုကတည်း ကနေ ဝိုင်းပြီးကြိုးစားဖို့လိုပါတယ်။
ကျွန်မတို့က တစ်ကမ္ဘာလုံးနဲ့ ယှဉ်ရမှာ ပါ။ ကိုဗစ်ရောဂါကို တကယ်ကာကွယ်ပေး နိုင်တဲ့ ကာကွယ်ဆေးရပြီဆိုရင် နိုင်ငံတွေက အားလုံးဝိုင်းပြီးတော့ ပြိုင်ပြီးတော့ ဝယ်ကြ မယ်။ ကာကွယ်ဆေးသုံးပြီးပြီဆိုရင် စီးပွားရေး ပြန်ပြီးတော့ နာလန်ထူဖို့အတွက် အားလုံး ဝိုင်းပြီးတော့ ပြိုင်ကြမယ်။ ဒီပြိုင်တဲ့ အထဲ မှာ။ ဒီပြိုင်ပွဲထဲမှာ ကျွန်မတို့က ဒီကမ္ဘာနဲ့ ယှဉ်ပြီး ပြိုင်နေတဲ့ပွဲထဲမှာ ရှေ့ကိုရောက်ချင် တယ်ဆိုရင်တော့ အရင်းအမြစ်တွေ လိုပါ တယ်။ လူသားအရင်းအမြစ်တွေ လိုပါတယ်။ ငွေအရင်းအမြစ်တွေ လိုပါတယ်။ ကျွန်မတို့ လူသားအရင်းအမြစ်တွေလည်း မလိုအပ် ဘဲနဲ့ မပြုန်းတီးရအောင်၊ ငွေအရင်းအမြစ် တွေလည်း မလိုအပ်ဘဲ မပြုန်းတီးရအောင် အားလုံးကနေပြီးတော့ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာလိုက်နာကြပါလို့ ကျွန်မ အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ နှစ်ကလည်း ကုန်ခါနီးပြီဆိုတော့ ငြီးငွေ့တဲ့ စိတ်တွေကို လည်း ဒီနှစ်နဲ့ပဲ ထားပစ်ခဲ့ပြီးတော့ နှစ်ဆန်း ကို သစ်ဆန်းတဲ့စိတ်တွေနဲ့ ကျွန်မတို့ ရင်ဆိုင်နိုင်ဖို့အတွက် အားလုံး အားထုတ် ကြပါ။ ကျန်းမာ၊ ချမ်းသာအောင်နေကြပါ။ ကျေးဇူးတင်ပါတယ်။