အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဂုဏ်ပြုဆောင်းပါး

Type
၁

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဂုဏ်ပြုဆောင်းပါး

===================================

 

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့

======================

 

ယဉ်ကျေးဆု

======

 

နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကမ္ဘာတစ်လွှား အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို သတ်မှတ် ကျင်းပလျက်ရှိကြသည်။ မသန်စွမ်းသူများ၏ အခွင့်အရေး ကို အလေးပေးဆောင်ရွက်နိုင်ကြစေရန် အသိပေးကျင်းပ ခြင်းဖြစ်သည်ဟု စာရေးသူခံယူမိပါသည်။ စာရေးသူတို့၏ နိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများ၏အခွင့်အရေးများ အား အခန်းကဏ္ဍအသီးသီးတွင် ပိုမို၍မြှင့်တင် ဆောင်ရွက်နိုင်ရန်နှင့် မသန်စွမ်းသူများနှင့်ပတ်သက်သော အကြောင်းအရာများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် အခန်းကဏ္ဍများတွင် ပိုမိုထည့်သွင်းစဉ်းစားနိုင်ကြစေရန် ရည်ရွယ်ချက်များဖြင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ပါဝင်ဆင်နွှဲကျင်းပလျက်ရှိသည်။ မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယအမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံ ခံစားမှုပိုင်းဆိုင်ရာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူတို့ကို ဆိုသည်။

ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်အနက် ဆယ်ပုံတစ်ပုံခန့်သည် မသန်စွမ်းသူများဖြစ်ကြပြီး ၈၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိကြ သည်။ မသန်စွမ်းသူများ တွေ့ကြုံနေရသည့်အခက်အခဲ အတားအဆီးများသည် ယင်းတို့၏ ချို့ယွင်းအားနည်းမှု တစ်ခုတည်းကြောင့် မဟုတ်ပေ။ ပတ်ဝန်းကျင်ဆိုင်ရာ စိတ်သဘောထားအမြင်ပိုင်းဆိုင်ရာနှင့် အခြားသော အတားအဆီးများ ပါဝင်ပေသည်။ မသန်စွမ်းသူများအပေါ် သိရှိနားလည်မှုအားနည်းခြင်း၊ လျစ်လျူရှုကြခြင်း၊ အယူ သီးကြခြင်းနှင့် ကြောက်ရွံ့စိုးရိမ်မှုဖြစ်ခြင်းတို့ကြောင့် မသန်စွမ်းသူများ၏ဘဝမှာ အထီးကျန်ဆန်ခဲ့ကြရသည်။

စာရေးသူတို့၏နိုင်ငံတွင် မသန်စွမ်းသူတို့၏ ပညာ ရေး အဆင့်အတန်း မြင့်မားရေး၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေး၊ ပတ်ဝန်းကျင်အသိုက်အဝန်းအတွင်း ဝင်ဆံ့မှုမြှင့်တင်ရေး စွမ်းဆောင်နိုင်ရန်နှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ရေး၊ လူမှုရေးလိုအပ်ချက်များ ဖြည့်ဆည်းထောက်ပံ့ပေးရေး စသည့်ကဏ္ဍကြီး လေးရပ်အား ဘက်ပေါင်းစုံ၊ ကဏ္ဍစုံတို့မှ ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိသည်။

ဥပဒေကို ပြဋ္ဌာန်းခဲ့

စာရေးသူတို့၏နိုင်ငံတွင် မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အတွက် ၂၀၁၅ ခုနှစ် မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ဥပဒေ၏ရည်ရွယ်ချက်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မသန်စွမ်းသူ များကို ပိုမိုကြည့်ရှု စောင့်ရှောက်နိုင်ရန်၊ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ပိုမို၍ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်၊ နိုင်ငံသားခံစားခွင့်ရှိသည့် လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူများအားလုံး တန်းတူညီမျှ အပြည့်အဝရရှိစေရန်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာ စသည့် နယ်ပယ်အသီးသီးတွင် ပေါင်းစည်း ပါဝင်နိုင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့်နိုင်ငံသားတို့က အသိအမှတ်ပြုနိုင်ရန်၊ မသန်စွမ်းသူများ၏ လူနေမှုဘဝ လုံခြုံစိတ်ချမှုရှိပြီး ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ မသန်စွမ်းသူများအား နယ်ပယ်အားလုံးတွင် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေရန်နှင့် ထိုသို့ ခွဲခြားဆက်ဆံမှုများ မပြုစေရေးအတွက် ဥပဒေအရ ကာကွယ်ပေးရန်၊ မသန်စွမ်းသူများကို နိုင်ထက်စီးနင်း အကြမ်းဖက်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်မှုများမှ ကာကွယ် ပေးရန်နှင့် မသန်စွမ်းသူအမျိုးသမီးများနှင့် ကလေးငယ်များ ကို အထူးကာကွယ်ပေးရန်၊ မိဘမဲ့ခိုကိုးရာမဲ့နှင့် မသန်စွမ်း မှုတစ်ခုထက်ပို၍ ခံစားနေရသော မသန်စွမ်းသူများကို မသန်စွမ်းမှုအမျိုးအစားအလိုက် နိုင်ငံတော်က အထူး စောင့်ရှောက်ကူညီပေးရန်ဟူသည့် ရည်ရွယ်ချက်များ ထားရှိပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

အမျိုးသားကော်မတီတစ်ရပ်ကို ဖွဲ့စည်း

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက်လည်း ဒုတိယ သမ္မတတစ်ဦးအား ဥက္ကဋ္ဌတာဝန်ပေး အပ်၍ လူဦးရေ ၆၀ ထက်မပိုသည့် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ အကောင်အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိသည်။ မသန်စွမ်းသူများ၏ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ တန်းတူညီမျှရှိစေရေးအတွက် မသန်စွမ်းသူများ၏ မွေးရာပါအခွင့်အရေးများ၊ အသက် ရှင်သန်ခွင့်၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ လုံခြုံမှု၊ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာလေးစားမှုတို့ကို ခံစားခွင့်ရရှိစေရန်၊ မသန်စွမ်းမှုကို အကြောင်းပြု၍ မသန်စွမ်းသူများကို ခွဲခြားဆက်ဆံမှုနှင့် နှိမ့်ချမှုမရှိစေရန်၊ မသန်စွမ်းသူများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာတို့ကို ထိခိုက်နစ်နာစေသော အပြုအမူနှင့် လုပ်ဆောင်မှုများကို တားမြစ်ရန်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိသော မသန်စွမ်း သူများ လိုအပ်သည့် အခြေခံစားဝတ်နေရေးအတွက် သတ်မှတ်ထားသော မသန်စွမ်းမှုအဆင့်အလိုက် နိုင်ငံတော်က ထောက်ပံ့ပေးရန်၊ မသန်စွမ်းသူများသည် လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာ၊ မသန်စွမ်းမှုအမျိုးအစား မခွဲခြားဘဲ ဥပဒေရေးရာတွင် အညီအမျှဖြစ်စေရန်၊ အခြားသောသူများနှင့် ညီမျှသော အခွင့်အရေးများ ရရှိစေရန်၊ အမွေဆက်ခံထိန်းသိမ်းရန် အခက်အခဲရှိသော မသန်စွမ်းသူများအတွက် အစီအမံများ ချမှတ်၍ ကာကွယ်စောင့်ရှောက်ရန် စသည့် မသန်စွမ်းသူ များ၏ အခွင့်အရေးများကို ပြဋ္ဌာန်းထားရှိပြီး ဥပဒေနှင့်အညီ အမျိုးသားကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။

ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်

မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့်၊ သတင်း အချက်အလက်များ ရယူသုံးစွဲခွင့်နှင့် ကျန်းမာရေးစောင့် ရှောက်မှုခံယူခွင့်ရရှိစေရေး၊ မွေးရာပါအသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် ကိုးကွယ်ပိုင်ခွင့်အပါအဝင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အခြားသူ များနည်းတူ ခံစားခွင့်ရှိရေး၊ တရားဝင်ရရှိသော ငွေကြေး များ၊ ပစ္စည်းများနှင့် အိမ်ရာအဆောက်အအုံများကို ပိုင်ဆိုင် ခွင့်၊ ဆက်ခံခွင့်နှင့် ပြည်သူ့အိုးအိမ်စီမံကိန်းဖြင့် ဆောက် လုပ်သောအိမ်ရာများတွင် နေထိုင်ခွင့်ရှိရေး၊ တရားစွဲဆိုခွင့်၊ တရားစွဲဆိုမှုကို ခုခံနိုင်ခွင့်နှင့် သက်သေအဖြစ် စစ်ဆေးခံ နိုင်ခွင့်တို့ ရရှိစေရေးအတွက် တရားရုံးတွင် မသန်စွမ်းပြစ်မှု အလိုက် လိုအပ်ချက်များကို စီစဉ်ပေးနိုင်ရန် တောင်းဆိုခွင့် ရရှိရေး၊ မိမိတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများအတွက် တရားမကြောင်းဖြင့် တရားစွဲဆိုရာတွင် ကျသင့်ရုံးခွန် ကင်းလွတ်ခွင့်ရရှိစေရေး၊ အကျဉ်းကျနေစဉ်အတွင်း မသန်စွမ်းမှုကို အကြောင်းပြု၍ နှိပ်စက်ခြင်း၊ ခွဲခြား ဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ အနိုင်ကျင့်ခြင်းများမှ အကာ အကွယ် ရပိုင်ခွင့်နှင့် မသန်စွမ်းမှုဆိုင်ရာဝန်ဆောင်မှုများ ရပိုင်ခွင့် ရှိရေး စသည့်အခွင့်အရေးများအတွက်လည်း ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ အကောင်အထည်ဖော် ဆောင် ရွက်ပေးလျက်ရှိသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးများ ကို အကာအကွယ်ပေးသည့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ်များကို ချမှတ်ဆောင်ရွက်သည့် လုပ်ငန်းအစီအစဉ် များတွင် သက်ဆိုင်ရာအစိုးရဌာနများ၊ ပြည်တွင်း၊ ပြည်ပ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များကပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိသည်။

မသန်စွမ်းကလေးသူငယ်များအတွက်ဆိုလျှင် လည်း မွေးရာပါအသက်ရှင်သန်ခွင့်ရှိပြီး ကလေးသူငယ် အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် ကိုးကွယ် ပိုင်ခွင့်အပါအဝင် အခြေခံလွတ်လပ်ခွင့်များကို အခြား သန်စွမ်းသည့် ကလေးသူငယ်များနည်းတူ ခံစားခွင့်ရရှိ ရေး၊ ကလေးသူငယ်ဥပဒေပါ အခွင့်အရေးများအားလုံး သန်စွမ်းသူကလေးများနှင့်တန်းတူ ခံစားခွင့်ရရှိရေး၊ ကိုယ်တိုင်ဆုံးဖြတ် သုံးသပ်နိုင်စွမ်းမရှိသည့် ဉာဏ်ရည် ဆိုင်ရာမသန်စွမ်းကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် တည်ဆဲဥပဒေနှင့်အညီ မိဘ သို့မဟုတ် အုပ်ထိန်းသူတို့က ကိုယ်စားစီစဉ်ဆောင်ရွက် ခွင့်ရရှိရေး၊ နိုင်ထက်စီးနင်းအကြမ်းဖက်ခံရမှု၊ အိမ်တွင်း အကြမ်းဖက်မှု အမျိုးမျိုးအပါအဝင် အလွဲသုံးခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုများနှင့် ခွဲခြားဆက်ဆံခံရမှုတို့မှ အကာ အကွယ်ရထိုက်ခွင့်ရှိရေး စသည်တို့ကိုလည်း ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

မသန်စွမ်းသူ အမျိုးသမီးများအတွက်

မသန်စွမ်းသူ အမျိုးသမီးများအတွက်ကိုလည်း လူ့အဖွဲ့အစည်းတွင် ပါဝင်ဆုံးဖြတ်ပိုင်ခွင့်နှင့် ကျန်းမာ ရေး၊ ပညာရေး၊ စီးပွားရေး စသည့် လူနေမှုအဆင့်အတန်း တိုးတက်မှုတို့အတွက် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်အားလုံးကို အခြားသန်စွမ်းသူအမျိုးသမီးများနည်းတူ ခံစားခွင့်ရရှိရေး၊ မသန်စွမ်းသူများအတွက် ရည်ရွယ်၍ ဆောင်ရွက်သောလုပ်ငန်းအစီအစဉ်တိုင်း တွင် မသန်စွမ်းသူ အမျိုးသားများနှင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး၊ အမျိုးသမီးများအတွက် ဦးတည်ဆောင်ရွက် သော လုပ်ငန်းအစီအစဉ်တိုင်းတွင် ပါဝင်ခွင့်နှင့် အိမ်တွင်း အကြမ်းဖက်မှုအမျိုးမျိုးအပါအဝင် အလွဲသုံးခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုများနှင့် ခွဲခြားဆက်ဆံခံရမှုတို့မှ အကာအကွယ်ရထိုက်ခွင့်ရှိရေးတို့ကိုလည်း ပြဋ္ဌာန်းထားရှိသည့် ဥပဒေနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

မသန်စွမ်းသူများ၏ ကျန်းမာရေးအတွက်ကိုလည်း မသန်စွမ်းဖြစ်ပွားမှုကို ကာကွယ်သည့် ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးငယ်များ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီး ရွယ်အိုများတွင် မသန်စွမ်းမှုများ ဖြစ်ပွားမှုနှုန်း အနည်းဆုံးဖြစ်စေရန် စီမံချက်များချမှတ်၍ ဆောင် ရွက်ပေးခြင်း၊ မသန်စွမ်း ဖြစ်ပွားမှုနှုန်းအနည်းဆုံးဖြစ်စေရန် စီမံချက်များချမှတ်ဆောင်ရွက်ပေးခြင်း၊ မသန် စွမ်းမှု အမျိုးအစားနှင့် မသန်စွမ်းမှုအဆင့်ကို စစ်ဆေးပြီး အကဲဖြတ်သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖြင့်လည်းကောင်း၊ မသန်စွမ်းသူအသင်းမှ ကျွမ်းကျင်သူများဖြင့်လည်းကောင်း၊ မသန်စွမ်းမှုအဆင့် စိစစ် သတ်မှတ်သည့်အဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို သတ်မှတ်ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများအတွက် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှု နှင့် ဝန်ဆောင်မှုများကို ကျေးလက်ဒေသများအထိ အခမဲ့ သို့မဟုတ် မသန်စွမ်းသူများ ကျခံနိုင်သောနှုန်းထားဖြင့် ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများ အတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး ဆေးပညာအရ ကိုယ်ကာယပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာတို့ကို ပြုစုကုသရေး၊ ပြုစုပျိုးထောင်ပေးရေးနှင့် ပြန်လည်ထူထောင်ရေးဌာနများ ဖွင့်လှစ်၍ ဆောင်ရွက် ပေးခြင်း စသည်ဖြင့် ပြဋ္ဌာန်းထားရှိသည့်ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ v စာမျက်နှာ ၁၄ မှ

(၂၀၁၅) ခုနှစ် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို အောက်ဖော်ပြပါအတိုင်း အခန်း ၁၇ ခန်းခွဲ၍ ပြည့်စုံစွာ ဖြင့် ပြဋ္ဌာန်းထားရှိပြီး ဖြစ်သည် −

အခန်း (၁) − အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

အခန်း (၂) − ရည်ရွယ်ချက်များ

အခန်း (၃) − မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ

အမျိုးသားကော်မတီ ဖွဲ့စည်းခြင်းနှင့်

လုပ်ငန်းတာဝန်များ

အခန်း (၄) − မသန်စွမ်းသူများ၏ လူ့အခွင့်အရေးနှင့်

အခြေခံလွတ်လပ်ခွင့်များ တန်းတူညီမျှမှု

ရှိရေး

အခန်း (၅) − မသန်စွမ်းသူများ၏ ပညာရေး

အခန်း (၆) − မသန်စွမ်းသူများ၏ ကျန်းမာရေး

အခန်း (၇) − မသန်စွမ်းသူများ လွယ်ကူစွာသွားလာနေ

ထိုင်အသုံးပြုနိုင်ရေး

အခန်း (၈) − မသန်စွမ်းသူများ နိုင်ငံရေးနှင့် ပြည်သူ့

ရေးရာနယ်ပယ်များတွင် ပါဝင်ဆောင်ရွက်

ခွင့်ရရှိရေး

အခန်း (၉) − မသန်စွမ်းသူများ ပြုစုပျိုးထောင်ရေးနှင့်

ပြန်လည်ထူထောင်ရေး

အခန်း (၁၀)− မသန်စွမ်းသူများအလုပ်အကိုင်

အခွင့်အလမ်းရရှိရေး

အခန်း (၁၁)− မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း

အခန်း (၁၂)− မသန်စွမ်းသူများအသင်းအဖွဲ့များ ဖွဲ့စည်း

ခြင်းနှင့် မှတ်ပုံတင်ခြင်း

အခန်း (၁၃)− ပုဂ္ဂလိက ပညာသင်အထူးကျောင်း၊ ပုဂ္ဂလိက

အသက်မွေးမှုအထူးသင်တန်းကျောင်းနှင့် ပုဂ္ဂလိက ပြန်လည်ထူထောင်ရေးဌာနများ တည်ထောင်ဖွင့်လှစ်ခြင်း

အခန်း (၁၄)− အယူခံခြင်း

အခန်း (၁၅)− ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်

စီမံခန့်ခွဲခြင်း

အခန်း (၁၆)− တားမြစ်ချက်နှင့် ပြစ်ဒဏ်များ

အခန်း (၁၇)− အထွေထွေ

စာရေးသူတို့၏ နိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့် အရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်တွင်းအသင်းအဖွဲ့များ၊ နိုင်ငံတကာအသင်းအဖွဲ့များနှင့် ပြည်သူများက ဝိုင်းဝန်း ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။ မသန်စွမ်းသူများအတွက် ပြဋ္ဌာန်းထားရှိပြီး ဖြစ်သည့် ဥပဒေပါပြဋ္ဌာန်းချက်များကိုကိုင်စွဲ၍ ဆောင်ရွက် ကြမည်ဆိုလျှင်ဖြင့် ဥပဒေဘောင်အတွင်းမှ စနစ်တကျ အကောင်အထည်ဖော်ရာရောက်မည့်အပြင် အောင်မြင်မှု အဆင့်ဆင့်ကိုလည်း ပိုင်ဆိုင်နိုင်ကြမည်ဟု စာရေးသူ ယုံကြည်မိပါသည်။ မသန်စွမ်းသူများနှင့် ပတ်သက်၍ ပတ်ဝန်းကျင်မှသူများ၏ အမြင်အမျိုးမျိုးရှိနိုင်ကြသော်လည်း လူတိုင်းလူတိုင်း မသန်စွမ်းသူများ၏ ဘဝသို့ ရောက်နိုင်ကြ သည်ကို သတိပြုကြရန်လိုသည်ဟု စာရေးသူဆိုနိုင်ပါသည်။ ယခုဆိုလျှင် စာရေးသူအသက်အရွယ်အိုလာပြီ ဖြစ်သည်။ မသန်စွမ်းသူများကဲ့သို့ပင် ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာများ ချို့ယွင်း အားနည်းလာသည်ကို ဝန်ခံရမည် ဖြစ်သည်။ သို့ဆိုလျှင် လူတိုင်း လူတိုင်း တစ်နေ့ အိုကြရမည် ဖြစ်သည်။ ချို့ယွင်းအားနည်းလာကြရမည် ဖြစ်သည်။ ထို့ကြောင့် မသန်စွမ်းဘဝသို့ ရောက်နေ ကြရသူများအား တစ်နေ့ မသန်စွမ်းဘဝသို့ ရောက်ကြရမည့် လက်ရှိ သန်စွမ်းနေသူစာရေးသူတို့က စာနာထောက် ထားကူညီကြရမည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ဖြစ်သည်။ ထိုနေ့၏ သတ်မှတ်ထားရှိသည့်ဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်သည့် COVID – 19 အလွန် ကမ္ဘာတည် ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့ (Building Book Better: toward on disability – inclusive, accessible and sustainable post COVID – 19 World) ”ဟူ၍ ဖြစ်သည်။ ယခုအချိန်အခါသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကို ကာကွယ်ထိန်းချုပ်နိုင်ရန် ကမ္ဘာနှင့်အဝှမ်း ကြိုးပမ်း ဆောင်ရွက်နေကြရ သည်။ ကမ္ဘာပေါ်ရှိ လူသားအားလုံးက ကိုဗစ်-၁၉ အလွန်ကာလကို စောင့်မျှော်နေကြပြီ ဖြစ်သည်။ ကိုဗစ်-၁၉ အလွန်ကာလတွင် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမည် ဖြစ်သည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန် စွမ်းသူများနေ့တွင် နိုင်ငံတော်အစိုးရ၊ မသန်စွမ်းအဖွဲ့ အစည်းများ၊ မသန်စွမ်းကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူများက “ပိုမိုကောင်းမွန်သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက် လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားကြပါစို့ (Building Book Better: toward on disability – inclusive, accessible and sustainable post COVID – 19 World)”ဟု ကြွေးကြော်လျက် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်၍ ကူညီမှု ပြုပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။