
ရန်ကုန် ဩဂုတ် ၂
၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုး သမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီး ဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ အသင်းသည် ဗီယက်နမ်အသင်းကို လေးဂိုး - တစ်ဂိုးဖြင့် အရေးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။
မြန်မာ ယူ-၁၈ အမျိုးသမီး အသင်းသည် ဗိုလ်လုပွဲတက် ရောက် ရေး အကောင်းဆုံးကြိုးပမ်း ခဲ့သော်လည်း လွဲချော်ခဲ့ရပြီး တတိယနေရာလုပွဲသာ ကစား ရတော့မည်ဖြစ်သည်။ မြန်မာ အသင်းအနေဖြင့် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ မကစားရ ခြင်းကြောင့် ယခုကဲ့သို့ အဆုံး အဖြတ်ပွဲများကစားရာတွင် အမှား များခဲ့ပြီး အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။
မြန်မာအသင်း၏ ပွဲထွက် လူစာရင်းတွင် မေဦးခင် (ဂိုး)၊ မေသက်မွန်မြင့်၊ ကြယ်စင်၊ ဖြူဖွေး၊ ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ နှင်းပွင့်အေး၊ ဟေမာန်စိုး၊ နန်းချိုမွှေး၊ ဆုမြတ်နိုးနှင့် ဇင်မိုးပြည့်တို့ ပါဝင် ခဲ့ပြီး အမာခံကစားသမားအချို့ ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ မြန်မာ အသင်းသည် ဗီယက်နမ်တိုက်စစ် ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ သလို ဂိုးရရှိရန်အတွက် တိုက်စစ် ကစားခဲ့သည်။ သို့သော် တိုက်စစ် ပုံဖော်ရာတွင် အမှားများခဲ့သဖြင့် ထင်သလောက် ထိရောက်မှုမရှိခဲ့ ခြင်းဖြစ်သည်။ မြန်မာအသင်း သည် ပထမပိုင်းတွင် တစ်ဂိုးသာ ပေးခဲ့ရသော်လည်း ဒုတိယပိုင်း တွင် သုံးဂိုးအထိပေးခဲ့ရသဖြင့် ဂိုးပြတ်သွားခြင်း ဖြစ်သည်။ ဗီယက်နမ်အသင်းအတွက် ဂိုးများ ကို ၂၇ မိနစ်တွင် ဒိုသီအန်မိုင်၊ ၅၈ မိနစ်တွင် ငိုမင်ချူယင်၊ ၆၄ မိနစ်တွင် ထရန်နတ်လန်၊ ၉၁ မိနစ်တွင် လူဟောင်ဗင်တို့က သွင်းယူခဲ့ပြီး မြန်မာအသင်း အတွက် ချေပဂိုးတစ်ဂိုးကို ၈၁ မိနစ်တွင် ဝေဖူးအိမ်က သွင်းယူခဲ့ သည်။
တတိယနေရာ လုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၄ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ် သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-VFF