ဟားခါး ဇူလိုင် ၂၇
ချင်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ ( ၂ / ၂၀၂၂ ) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၆ ရက်က ဟားခါး မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ဟားခါးမြို့တွင် လူဦးရေ ၃၀၀၀၀ ခန့်၊ အိမ်ခြေ ၆၀၀၀ ခန့်ရှိပြီး ဟားခါးမြို့တွင်း လူနေထိုင်သော ဧရိယာမှာ ခန့်မှန်းဧက ၄၀၀၀ ခန့် အထိ လူနေအိမ်ဆောက်လုပ်လျက်ရှိ၍ လက်ရှိမြို့ မြေသည် ၆၂၈ ဧကသာရှိသဖြင့် ဒေသခံပြည်သူများ အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်မြေ ပိုင်ဆိုင်မှု အထောက်အထားများ ထုတ်ပေးနိုင်ရေး လိုအပ်လျက်ရှိကြောင်း၊ ဥပဒေနှင့် အညီ အစိုးရက စီမံခန့်ခွဲနိုင်ခွင့်ရှိသော မြို့မြေအဖြစ် တိုးချဲ့သတ်မှတ်ပြီးပါက ပြည်သူများအနေဖြင့် နှစ်တို၊ နှစ်ရှည်မြေငှားဂရန်များ လျှောက်ထားနိုင်ခြင်း၊ မြေငှားဂရန်များရရှိပြီးပါက ဥပဒေနှင့်အညီ ရောင်းချ ခွင့်၊ ပေါင်နှံခွင့်၊ ပေးကမ်းခွင့်၊ လဲလှယ်ခွင့်နှင့် သားစဉ် မြေးဆက် အမွေဆက်ခံခွင့်များ ရရှိခြင်း၊ တရားဝင် ပိုင်ဆိုင်မှုရရှိပြီးပါက အခြားသူများမှ လိမ်လည် ရောင်းဝယ်ခြင်းမှလည်း ကင်းဝေးနိုင်ခြင်း၊ အကြောင်းမဲ့ မြေသိမ်းဆည်းခံရခြင်းနှင့် ဖယ်ရှား ခံရခြင်းမှလည်း ကင်းဝေးနိုင်ပြီး နိုင်ငံတော်မှ လိုအပ် ၍ မြေသိမ်းဆည်းသည့်အခါတွင်လည်း ကာလ တန်ဖိုးနှင့် လျော်ညီသည့် မြေယာလျော်ကြေး၊ နစ်နာ ကြေးများ ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူးအဖွဲ့ ခေါင်းဆောင်သည့် ၁၁ ဦးပါ သီးခြား အဖွဲ့က စစ်ဆေးတွေ့ရှိသည့် အစီရင်ခံစာအပေါ် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြရန်အတွက် အစည်းအဝေး တက် ရောက်လာကြသည့် အဖွဲ့ဝင်များက လုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံစိစစ်ဆွေးနွေးပေးကြ စေလိုကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်များ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြိုင်က ဟားခါး မြို့ စည်ပင်သာယာရေးအဖွဲ့မှ ဟားခါးမြို့တိုးချဲ့ရန် အတွက် မြို့နယ်နိမိတ် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ၂၈၀၉၆ ဧကအတွင်းမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ၂၄၈၄၄ ဒသမ ၄၈ ဧကအား အစိုးရကခွင့်ပြုထား သော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်လွှာ ( ပုံစံ−၄) ဖြင့် လျှောက်ထားမှုအပေါ် ကန့်ကွက်မှုများနှင့် ပတ်သက်၍ သီးခြားအဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သီးခြား အဖွဲ့ခေါင်းဆောင် ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ဦးစီးဌာန၊ ဦးစီးမှူး ဦးတင်ဝင်း၊ ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟောင်းလွမ်း၊ တောင်သူလယ်သမားရေးရာ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် ဒေါက်တာ မိုးဆက် ထလာကျုံးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များ အပေါ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက အဆိုပြုအဆင့်တွင် ရှိသေး သည့် ရုန်းတောင်သစ်တော ထိန်းသိမ်းရေးဧရိယာ နှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ပြည်နယ်မြေစာရင်းဦးစီးမှူးပါ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ ပြန်လည်စိစစ်တင်ပြရန်လိုကြောင်း အကြံပြု ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်း ၈၄၈၁ ဧကအား ဟားခါးမြို့ မြေတိုးချဲ့ဧရိယာအဖြစ် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြရန် အတည်ပြုဆုံးဖြတ်ပြီး ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)



