စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ဧက ၅၀ အောက် လျှောက်ထားလာပါက ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် စိစစ်၍ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်    ၂၃


ပြည်ထောင်စုနယ်မြေ  နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)ကို ဇူလိုင် ၂၁ ရက်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

 


ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊   မြေလပ်နှင့်    မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊    နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က အမှာစကားပြောကြား ရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများအရ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊    ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းနှင့် အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီညွတ် သည့် အခြားလုပ်ငန်းများ လျှောက်ထားလာပါက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏   စိစစ် ထောက်ခံချက်များနှင့်အညီ  ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ   စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ စိစစ် ထောက်ခံတင်ပြပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် ဧက  ၃၀၀  အောက်နှင့်   ကျေးလက် ဒေသ    တောင်သူလယ်သမားများနှင့်  မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့်  မွေးမြူရေးလုပ်ငန်း   လုပ်ကိုင်လိုသူများအတွက်   ဧက   ၅၀  အောက် လျှောက်ထားလာပါက ပြည်ထောင်စုနယ်မြေ မြေလွတ်၊   မြေလပ်နှင့်  မြေရိုင်းများ   စီမံခန့်ခွဲရေး ကော်မတီအနေဖြင့်  စိစစ်၍ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်    မြေရိုင်းများ   စီမံခန့်ခွဲရေး  ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ   စိစစ်တင်ပြလာသည့်      ဆွေးနွေးဆုံးဖြတ်ရမည့်   ကိစ္စရပ်များအား ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်      နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က   မြေလွတ်၊   မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊    မြေလပ်နှင့်   မြေရိုင်းများ  စီမံခန့်ခွဲရေး ကော်မတီအတွင်းရေးမှူး နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်   စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေး မှူး    ဦးဇော်မိုးအောင်က    မြေလွတ်၊   မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊   အသုံးပြုခွင့် လျှောက်ထား သည့် ကိစ္စများနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ရန်အချက်များ ကို အသေးစိတ်ရှင်းတင်ပြပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ    စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က တင်ပြချက်များနှင့် စပ်လျဉ်း၍   လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)