ထိုင်းနိုင်ငံသို့ ပို့ကုန်လမ်းကြောင်းများ ပွင့်လန်းနေပြီး ပြောင်းဈေးကွက် အခက်အခဲမရှိ လည်ပတ်နေ

 

အင်္ဂပူ  ဇူလိုင်  ၂၃


ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့ရောင်းချသည့်   လမ်းကြောင်း များ ပွင့်လန်းနေသည့်အတွက်   ပြောင်းဈေးကွက်   အခက်အခဲမရှိ လည်ပတ်နေကြောင်း အစေ့ထုတ်ပြောင်း ကိုယ်တိုင်တင်ပို့ရောင်းချ နေသူများထံမှ သိရသည်။

 


“အိတ်စပို့လမ်းကြောင်းတွေ   ကောင်းရင်တော့   တောင်သူတွေ လည်း ဈေးကောင်းရတာပေါ့။ ဟိုတုန်းကတော့ တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချနိုင်ဖို့ပဲ  အဓိက အားထားခဲ့ကြရတယ်။ အခုတော့ ထိုင်းနိုင်ငံဘက်ကို     တင်ပို့ရောင်းချတဲ့     ကုန်သွယ်လမ်းတွေ ပွင့်လာလို့ ဈေးကွက်အခက်အခဲ သိပ်မရှိပါဘူး။ အရင်ကတော့ တရုတ် ကို  တင်ပို့တာများတယ်၊ အခုနောက်ပိုင်း ထိုင်းနိုင်ငံဘက်က ဝယ်တာ များတယ်။ ပြောင်းဆန်ဈေးနှုန်းတွေကတော့ နိုင်ငံတကာ ငွေကြေး ဈေးနှုန်းတက်ရင်တက်သလို   ကျရင်ကျသလို   ပြောင်းဈေးလည်း အတက်အကျရှိနိုင်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မှ အစေ့ထုတ်ပြောင်း  စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ ကိုဇော်နိုင်ဦး က ပြောသည်။

 


ဈေးကွက်ပြတ်လပ်မှုနည်းပါးသည့်  အစေ့ထုတ်ပြောင်းကို သီးနှံ ပေါ်ချိန်အတွင်း   ဒေသအရောက်  လိုက်လံဝယ်ယူသည့်   ပွဲစား/ကုန်သည်များလည်းရှိနေပြီး ဈေးနှုန်းအတက်အကျအပေါ် မူတည်၍ ချိန်ဆရောင်းချကြကြောင်း သိရသည်။

 


“သီးနှံပေါ်လာချိန်ဆိုတာနဲ့  လိုက်ဝယ်တဲ့  ကုန်သည်ပွဲစားတွေရှိ တယ်။   တချို့ကျတော့လည်း   ဈေးကောင်းချိန်ရောက်တဲ့အထိ အိမ်မှာပဲ လှောင်ထားကြတယ်။ ဒိုင်တွေမှာ အပ်ထားတဲ့လူတွေလည်း ရှိသလို တချို့ကျတော့လည်း  ပွဲရုံတွေကို တင်ပို့ကြတယ်။ ဧရာဝတီ မြစ်ရေတက်လာချိန်၊   ဈေးကွက်ကောင်းရတဲ့အချိန်ကို  စောင့်ပြီးမှ ရောင်းကြသူတွေလည်း ရှိတယ်။ ကျွန်တော်တို့ဒေသက အစေ့ထုတ် ပြောင်းတွေကို ဟိုတုန်းကတော့ ဟင်္သာတကိုပဲ အဓိကထားပို့တယ်။ အခုနောက်ပိုင်းကျတော့ ဇလွန်ဝယ်လက်၊ ဓနုဖြူဝယ်လက်ဆိုပြီးတော့ ရွာတွေအထိ ဆင်းလာဝယ်ကြတဲ့ ကုန်သည်ပွဲစားတွေ ရှိလာတယ်။ ဒီနှစ်ပြောင်းဈေးက စပေါ်တုန်းက ပိဿာ ၂၀ တစ်တင်းကို ရွာဈေး ကျပ် ၁၈၅၀၀ ရတယ်။ အခုတော့ ၂၀၅၀၀ ဖြစ်သွားပြီ”ဟု ကိုဇော်နိုင်ဦး က ဆက်ပြောသည်။

 


ယခုနှစ်သည်    ဓာတ်မြေဩဇာဈေးနှင့်    စက်သုံးဆီဈေးများ မြင့်တက်နေသည့်  နှစ်တစ်နှစ်ဖြစ်၍  အစေ့ထုတ်ပြောင်း စိုက်ဧက လျော့ကျနိုင်ခြင်း၊ ပြောင်းဆန်အထွက်နှုန်း လျော့နည်းခြင်းများ ရှိနိုင်ပြီး ယခင်နှစ်ကထက်  အစေ့ထုတ်ပြောင်း ဈေးကောင်းရရှိနိုင် ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ သိရသည်။


နန်းထက်ထက်ချစ်