ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုမိန့်ခွန်းပြောကြား

 

 

နေပြည်တော် နိုဝင်ဘာ ၂၇

 

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ နံနက်ပိုင်းတွင် နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပပြုလုပ်သည့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့သည်။

 

 

ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုပြည်ပရေးရာ လုပ်ငန်းကော်မရှင်ရုံးညွှန်ကြားရေးမှူး မစ္စတာ ရန်ကျဲ့ချီ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ လုရှင်းရှဲ့၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး မစ္စတာလျိုကျိုးဟွေ့၊ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလီချန်းကန်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ နန်နင်းမြို့ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးယာယီတာဝန်ခံ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုပြည်ပရေးရာ လုပ်ငန်းကော်မရှင်ရုံး ညွှန်ကြားရေးမှူး မစ္စတာ ရန်ကျဲ့ချီက အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

 

ယင်းနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လာအိုဝန်ကြီး ချုပ် ထောင်လွန်းဆီဆုလစ်၊ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွမ်းဖု၊ ယခုနှစ်အတွက် အထူးမိတ်ဖက်နိုင်ငံအဖြစ် ဖိတ်ကြားထားသည့် ပါကစ္စတန်သမ္မတ ဒေါက်တာအာရစ်အယ်လ်ဗီ နှင့် အာဆီယံအတွင်းရေးမှူးချုပ် ဒါတို လင်ကျောက်ဟွာတို့က ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊

အဆွေတော် သမ္မတကြီး ရှီကျင့်ဖျင်

အခမ်းအနားသို့တက်ရောက်လာကြတဲ့ အဆွေတော် များနဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား၊

 

(၁၇)ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားမှာ မိမိအနေနဲ့ မိန့်ခွန်းပြောကြားခွင့် ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။

ယနေ့ကမ္ဘာကြီးမှာ လူနေမှုပုံစံကို အပြောင်းအလဲ များစွာဖြစ်စေတဲ့ COVID-19 ကြောင့် ကျန်းမာရေး အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့လည်း စိန်ခေါ်မှုများစွာကြားက (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ယခုနှစ်မှာ အောင်မြင်စွာ စီစဉ်ကျင်းပနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

မိမိတို့အနေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်သူများအကြား ကူးလူးဆက်သွယ်မှုတို့မှတစ်ဆင့် အာဆီယံ-တရုတ်မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးကို ပိုမိုမြှင့်တင်နိုင်မယ့် နည်းလမ်းများကိုရှာဖွေရာမှာ ယခုကျင်းပတဲ့ (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲဟာ အရေးပါတဲ့ နေရာတစ်ခုအဖြစ် ဆက်လက် တည်ရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

 

 

အဆွေတော်များနဲ့ ဧည့်သည်တော်များခင်ဗျား၊

မိမိတို့အနေနဲ့ ၂၀၂၀ ပြည့်နှစ်ကို ‘‘အာဆီယံ- တရုတ် ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှစ်’’ အဖြစ် သတ်မှတ်ထားတာဖြစ်တဲ့အတွက် (၁၇)ကြိမ်မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲနဲ့ တရုတ်- အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ‘‘ဒစ်ဂျစ်တယ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတိုးတက်ခိုင်မာစေဖို့ ရပ်ဝန်းနှင့် ပိုးလမ်းမ ထူထောင်စို့” ဟာ အချိန်ကိုက်ဖြစ်ပြီး အလွန်လျော်ကန် သင့်မြတ်မှုရှိပါတယ်။

ကမ္ဘာ့ကပ်ရောဂါကို မိမိတို့အားလုံး ရင်ဆိုင်နေရတဲ့ အချိန်မှာ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စတော့ရှယ်ယာစျေးကွက်နဲ့ အခြားသော စီးပွားရေးလုပ်ငန်းတွေမှာ ဒစ်ဂျစ်တယ် နည်းပညာကို ပိုမိုမှီခို အားထားနေရတာ ဖြစ်တဲ့အတွက် ဒစ်ဂျစ်တယ်စီးပွားရေးဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ တရုတ်နိုင်ငံတို့ဟာ ဒစ်ဂျစ်တယ် နည်းလမ်းအပါအဝင် နည်းမျိုးစုံနဲ့ ပေါင်းစပ် ဆက်သွယ်ထားပါတယ်။ ဒါပေမဲ့လည်း မိမိတို့အကြားမှာ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမတူညီကြတဲ့ အတွက် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံတွေကို တည်ဆောက်ရာမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ဖို့ လိုအပ်လျက်ရှိပါတယ်။ ဒစ်ဂျစ်တယ်အခြေခံအဆောက် အအုံ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာခြင်းက ပြည်သူ များအကြား အင်တာနက်သုံးစွဲနိုင်မှုကို ပိုမိုတိုးတက် ကောင်းမွန်လာစေမှာဖြစ်တဲ့အတွက် ဒစ်ဂျစ်တယ်စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေလိမ့်မယ် လို့ မိမိအနေနဲ့ ယုံကြည်ပါတယ်။

 

 

အဆွေတော်များနဲ့ ဧည့်သည်တော်များခင်ဗျား၊

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အာဆီယံရဲ့ အရေးပါ ပြီး ယုံကြည်အားထားရတဲ့ မိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ အာဆီယံ- တရုတ် မိတ်ဖက်ဆက်ဆံရေးဟာ ကဏ္ဍ ပေါင်းစုံမှာ ပုံမှန်တိုးတက်လျက်ရှိပြီး၊ ဒေသတွင်းတည်ငြိမ် အေးချမ်းရေးနဲ့ သာယာဝပြောရေးကို အထောက်အကူပြု လျက်ရှိပါတယ်။

အာဆီယံ- တရုတ် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို “ဘက်ပေါင်းစုံဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး” သို့ အဆင့်မြှင့်တင်ရေးနဲ့ ၂၀၂၁ ခုနှစ်ကို ‘‘အာဆီယံ-တရုတ်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်’’ အဖြစ် သတ်မှတ်ရေးကိစ္စရပ် များအပါအဝင် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာ စေရေးအတွက် တရုတ်နိုင်ငံကအဆိုပြုထားတဲ့ အစီအစဉ် များကို မြန်မာနိုင်ငံအနေနဲ့ ကြိုဆိုကြောင်း ပြောကြား လိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အာဆီယံဦးဆောင်တဲ့ယန္တရား တွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ပြီး၊ အာဆီယံအသိုက် အဝန်းထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများနဲ့ အာဆီယံပေါင်းစည်းရေးလုပ်ငန်းစဉ်များကို ကူညီပံ့ပိုး လျက်ရှိတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား လိုပါတယ်။

 

 

မိမိအနေနဲ့ အာဆီယံနဲ့ တရုတ်နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးတက် နေတာကို တွေ့မြင်ရတဲ့အတွက်လည်း ဝမ်းမြောက်ပါ တယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အာဆီယံရဲ့ ကုန်သွယ်မှုအများဆုံး မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက် ရပ်တည်လျက်ရှိသလို အာဆီယံမှာ တတိယအများဆုံး လာရောက်ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

 

 

အာဆီယံနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ ဟာ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၅၀၇ . ၉) ဘီလီယံရှိပြီး၊ အာဆီယံစုစုပေါင်း ကုန်သွယ်မှုရဲ့ ၁၈ ရာခိုင်နှုန်းရှိသလို တရုတ်နိုင်ငံမှ အာဆီယံသို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၉ ခုနှစ်မှာ အမေရိကန် ဒေါ်လာ (၉. ၁ )ဘီလီယံရှိပြီး အာဆီယံစုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ (၅.၇) ရာခိုင်နှုန်းရှိတာကို ကျေနပ်အားရဖွယ် တွေ့မြင်ရပါတယ်။

ယခုနှစ်ဟာ အာဆီယံ- တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသထူထောင်ခြင်း (၁၀)နှစ် ပြည့်မြောက်တဲ့ နှစ် ဖြစ်ပါတယ်။ မိမိတို့ရည်မှန်းထားတဲ့အတိုင်း ယခုနှစ် ကုန်မှာ နှစ်ဖက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၁)ထရီလီယံနဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၅၀) ဘီလီယံ ပြည့်မီနိုင်ရေးအတွက် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်နဲ့ ယင်းစာချုပ်ရဲ့ နောက်ဆက်တွဲ သဘောတူစာချုပ်တို့ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

“ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်” ဟာ လွတ်လပ်ပြီး အားလုံးပါဝင်၍ စည်းမျဉ်းကိုအခြေခံတဲ့ နိုင်ငံတကာ ကုန်သွယ်ရေး ပတ်ဝန်းကျင်အတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မိမိတို့အနေနဲ့ အပြုသဘောဆောင်တဲ့ အရှိန်အဟုန် ကို ဆက်လက်ထိန်းသိမ်းပြီး၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးတက်ခိုင်မာတဲ့ အခြေအနေကို အကျိုး ရှိစွာ အသုံးချရမှာဖြစ်သလို “အာဆီယံပေါင်းစည်း ဆက်သွယ်မှု မဟာစီမံကိန်း (၂၀၂၅)” နဲ့ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” တို့ရဲ့တူညီတဲ့ ဦးစားပေးလုပ်ငန်း စဉ်တို့ကို ပေါင်းစပ်အကောင်အထည်ဖော်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မယ့် နည်းလမ်းများ ကိုလည်း ရှာဖွေဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။

အဆွေတော်များနဲ့ ဧည့်သည်တော်များခင်ဗျား၊

ယခုနှစ်ဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်တာ နှစ်(၇၀)ပြည့်တဲ့နှစ် ဖြစ်တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးမှာ ထူးခြားတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ယခုနှစ်ဇန်နဝါရီလ မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင် ရဲ့ ချစ်ကြည်ရေးခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာစေခဲ့သလို နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုများ ကိုလည်း ပိုမိုတိုးမြှင့်စေခဲ့ပါတယ်။

သမ္မတရှီကျင့်ဖျင်ရဲ့ ချစ်ကြည်ရေးခရီးစဉ်အတွင်း မိမိတို့အနေနဲ့ “မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက် အဝန်း”ထူထောင်ရေး၊ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းနဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတို့ အပါအဝင် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘော တူညီခဲ့ကြပါတယ်။

 

 

မိမိတို့ရဲ့အမျိုးသားစီမံကိန်းနဲ့ ဦးစားပေးလုပ်ငန်းစဉ် တို့နဲ့အညီ ရွေးချယ်သတ်မှတ်ထားတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းများဟာ ပြည်တွင်းဆက်သွယ်မှုကိုသာမက နယ်စပ်ဖြတ်ကျော်ဆက်သွယ်မှုကိုပါ တိုးမြှင့်ပေးနိုင် မယ့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်မှုများကို အထောက်အကူ ဖြစ်စေ လိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

 

ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းများကို နှစ်နိုင်ငံလုံး အတွက် အကျိုးရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ခြင်းတို့ဟာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရေးနဲ့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုမြှင့်တင်ရေးတို့ကို အထောက်အကူပြုစေမှာဖြစ်သလို COVID-19 ကပ် ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးထိခိုက်နစ်နာမှု များကိုလည်း လျှော့ချစေနိုင်မယ်လို့ ယုံကြည်ပါတယ်။

(၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ပါစေကြောင်း ဆန္ဒပြုပါတယ်။

ကျေးဇူးတင်ပါတယ်။