(၁၄) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အစည်းအဝေးကျင်းပ

 

 

နေပြည်တော် နိုဝင်ဘာ ၂၆

 

 

(၁၄) ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အစည်းအဝေး (14th AMMTC) ကို နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် Video Conferencing ဖြင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီး များ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

 

 

အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများ ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုက အဖွင့် မိန့်ခွန်းပြောကြားပြီး ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တိုလမ်က မိတ်ဆက် အမှာစကားပြောကြားသည်။ ထို့နောက် အာဆီယံဒေသ တွင်း နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုပြသ၍ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ယင်းနောက် ဝန်ကြီးအဆင့် စုံညီအစည်းအဝေးကို ဗီယက်နမ်နိုင်ငံ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကျင်းပရာ 13th AMMTC သဘာပတိ၊ ထိုင်းနိုင်ငံ၊ ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ၂၀၁၉ ခုနှစ်အတွင်း တာဝန်ယူဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး တိုလမ်သို့ 14th AMMTC သဘာပတိ တာဝန်များကို လွှဲပြောင်းပေးသည်။ အစည်းအဝေးတွင် သဘာပတိ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန ဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က AMMTC လုပ်ငန်းစဉ်နှင့် အာဆီယံမူဘောင်များနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှု များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ဝန်ကြီးများ က ဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က အာဆီယံဒေသတွင်း ပုံစံ မျိုးစုံဖြင့် ပြောင်းလဲဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါး အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် မှုခင်းဖြစ်ပေါ်စေသည့် အရင်းခံအကြောင်းတရားများကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ နှင့် စွမ်းဆောင်ရည်မြင့်မားမှုတို့ကို ပေါင်းစပ်ဆောင်ရွက် ခြင်းဖြင့် ထိရောက်စွာတိုက်ဖျက်နိုင်မည်ဖြစ်ပါကြောင်း၊ မှုခင်းပြဿနာများကို ရှုထောင့်တစ်ခုတည်းမှ သုံးသပ်၍ မရတော့ဘဲ ကဏ္ဍပေါင်းစုံမှ ရှုမြင်သုံးသပ်၍ အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြဿနာအရင်း အမြစ်ကို ဖော်ထုတ်ဖြေရှင်းရန် ၂၀၁၉ ခုနှစ် 13th AMMTC အစည်းအဝေးတွင် မြန်မာနိုင်ငံက ဆွေးနွေးတင်ပြခဲ့ပါ ကြောင်း။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် ရာဇဝတ် မှုခင်းဂိုဏ်းများ အားလုံးနှင့် ဆက်စပ်နေသည့် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးကို မိမိတို့ အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မြန်မာ နိုင်ငံ၏ မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးနိုင်မှုသည် ယခင်နှစ်များထက် ၆ ဒသမ ၅ ဆခန့် ပိုမိုဖမ်းဆီးနိုင်ခဲ့ ပါကြောင်း၊ အကြမ်းဖက်မှုပြဿနာသည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများနှင့် ထဲထဲဝင်ဝင် ပါဝင် ဆက်စပ်မှုရှိနေပါကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးကိစ္စတွင် အကြမ်းဖက်ဝါဒ (Terrorism) အတွင်း ကျကျဆက်စပ်နေသည့်အတွက် လက်ခံခြင်းမပြုကြရန် နှင့် အကြမ်းဖက်လုပ်ရပ်များနှင့် ယင်းတို့၏ ဝါဒဖြန့်မှုကို ရပ်တန့်အောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြမ်းဖက် ဝါဒကွယ်ပျောက်သွားမှသာ နိုင်ငံတွင်းတည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတစ်ဝန်း ဘေးကင်းလုံခြုံမှု၊ တရားမျှတမှုနှင့် အသိုက်အဝန်းများ အကြား သဟဇာတရှိမှုတို့ကို ဖော်ဆောင်နိုင်ရေးအတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း ဆွေးနွေးသည်။

14th AMMTC အစည်းအဝေးတွင် ဒေသတွင်းအကြမ်း ဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစီမံချက်အကောင်အထည် ဖော်မှု၊လူကုန်ကူးမှုတိုက်ဖျက်ရေးတို့နှင့် စပ်လျဉ်းသည့် TOR များ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို အတည်ပြု ခြင်း၊ ဝန်ကြီးအဆင့်အစည်းအဝေး ပူးတွဲထုတ်ပြန်ချက်နှင့် နိုင်ငံအလိုက် ဆွေးနွေးအကြံပြုချက်များကို မှတ်တမ်းတင် ခြင်းတို့ ဆောင်ရွက်၍ 15th AMMTC ကို ၂၀၂၁ ခုနှစ်တွင် ဘရူနိုင်းဒါရုဆလင်နိုင်ငံ၌ ကျင်းပရန် အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်